ပါဂျောင်မီဒီယာ။
၂၅ရက်၊စက်တင်ဘာ၊၂၀၂၄။
ဖားကန့်-ဆိုင်းတောင်ဒေသတိုက်ပွဲကြောင့် လက်ရှိ ဖားကန့်မြို့နယ် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ တောတောင်များနှင့် နီးစပ်ရာဆွေမျိုးအိမ်များ အပါအဝင် မြစ်ကြီးနားဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များအားလုံးပေါင်း ခြောက်ထောင်နီးပါးရှိလာပြီး၊ အခြေခံလူမှုကူညီရေးများ လိုအပ်နေကြောင်း ဒေသသတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ရှောင်များပြောဆိုချက်အရ လက်ရှိ စစ်ရှောင်များအတွက် အခြေခံစားဝတ်နေရေးနှင့် အသုံးအဆောင်များ အရေးပေါ်လိုအပ်နေပြီး၊ ရက်ရှည်စစ်ရှောင်လာချိန် အခက်အခဲများ ကြုံတွေ့လာနိုင်သည်ဟု မြစ်ကြီးနားမြို့သို့စစ်ရှောင်လာသည့် ဆိုင်းတောင်စစ်ရှောင်တစ်ဦးက ပြောသည်။
“အခုဒီမှာ နေတယ်ဆိုတာကလည်း အဘက်ဘက်က ခက်ခဲနေသေးတယ်။ ကျရာကိုယ့်အသင်းတော်မှာ လာရောက်စစ်ရှောင်လာကြတယ်ဆိုပေမယ့် အချိန်ကြာကြာနေထိုင်ဖို့ဆို အကူအညီတွေ အများကြီးလိုအပ်နေတယ်။ အခုလောလောဆယ်က အယောက်၅၀လောက်ပဲ ရှိသေးတယ်။ နောက်ထပ်ရောက်လာဖို့လည်း ရှိပါသေးတယ်။” ဟု တပ်ကုန်းCOC အသင်းတော်သို့ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။
လက်ရှိ စစ်ရှောင်များအားလုံးအတွက် နေရာအထိုင်အခင်း၊ အမိုးအကာ၊ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေသန့်များ အရေးတကြီးလိုအပ်နေသည်ဟု ဆိုသည်။
မြစ်ကြီးနားဘက်သို့ ထွက်ပြေးလာသည့် စစ်ရှောင်များမှာ သက်ဆိုင်ရာ အသင်းတော်နေရာများတွင် ခိုလှုံနေထိုင်ကြပြီး အချို့မှာ မိမိဆွေမျိုးအိမ်များတွင် နေထိုင်ကြသည်ဟု ဆိုသည်။ မန်ခိန်ရပ်ကွက်သို့ စစ်ရှောင်လာသူတစ်ဦးက ထွက်ပြေးတိမ်းရှောင်လာချိန် လမ်းခရီးအခက်အခဲများကို ပါဂျောင်မီဒီယာသို့ ယခုကဲ့သို့ ပြောပြသည်။
“ဖားကန့်ကနေ မြစ်ကြီးနားကို ဆင်းလာဖို့ဆို အခုက ကားတောင် မရှိသလောက်ဖြစ်သွားတယ်။ ဘာလို့ဆို အားလုံးက စစ်ပြေးနေကြတဲ့အချိန် ကားတွေကို ပိုက်ဆံရှိတဲ့သူတွေက တစ်စင်းလုံးငှားလိုက်ကြတော့ မရှိတော့ဘူး။ ကားရှိတဲ့သူတွေက ကားနဲ့ပြေး၊ ဆိုင်ကယ်ရှိတဲ့သူက ဆိုင်ကယ်နဲ့ပြေး။ ဘာမှမရှိတဲ့သူတွေက အခက်အခဲဖြစ်တာပေါ့။ ပြီးရင် KIA ဂိတ်နဲ့ ရှမ်းနီပြည်သူ့စစ်ဂိတ် ၄ဂိတ်စလုံးမှာ အရမ်းစစ်တယ်။ ဆိုင်ကယ်တွေကို သိပ်မစစ်ပေမယ့် ကားတွေကိုတော့ အသေစစ်တာ။ တစ်လမ်းလုံးလည်း ဆိုင်ကယ်စီးပြိုင်နေသလိုပဲ အပြိုင်အဆိုင် ဆင်းလာကြတာ။” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ၄ရက်နေ့မှစပြီး ဆိုင်းတောင်ဒေသသို့ စစ်ရေးလှုပ်ရှားမှုများ စတင်လာခဲ့ရာ ၇ရက်နေ့နောက်ပိုင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီးနောက် ယင်းဒေသရှိ အရပ်သားပြည်သူများမှာ တစ်ဖြည်းဖြည်း စတင်စစ်ရှောင်လာခဲ့ကြသည်။
ဆိုင်းတောင်ဒေသအတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့သည်မှာ ယနေ့အထိ ရက်ပေါင်း၂၀ကြာမြင့်လာခဲ့ပြီး၊ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ရှောင်ခြောက်ထောင်နီးပါး ရှိလာခဲ့ရာ ဆိုင်းတောင်ကျေးရွာဒေသခံအပြင် စပေါ့ကျေးရွာ၊ ယူမာကျေးရွာနှင့် မရှီကထောင်ကျေးရွာ စသည့် ဒေသများမှ ပြည်သူများဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဖားကန့်-ဆိုင်းတောင်ဒေသတွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည့်အပြင် စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုလည်း ရှိနေဆဲဖြစ်သောကြောင့် နှစ်ဖက်စစ်ရေးမှာ တင်းမာနေဆဲ ဖြစ်သည်။ မတ်လ၇ရက်နေ့ကတည်းက စတင်လာသည့် KIA ပူးပေါင်းတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ပွဲအတွင်း သိမ်းပိုက်ထားသည့် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၁၉ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီး၊ စစ်တပ်စခန်း၉ခု ကျန်ရှိနေသေးကြောင်း သိရသည်။
Comments