ပါဂျောင်မီဒီယာ
၁၄.၁၀.၂၀၂၄

ကချင်အထူးဒေသ(၁)၊ ပန်ဝါမြို့အနီးဝန်းကျင်မှာ အောက်တိုဘာလ ဆန်းပိုင်းက စပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ရာ တိုက်ပွဲအနီးက ဒေသခံပြည်သူများသည် ပန်ဝါမြို့ ဆေးရုံနှင့် ဘုရားကျောင်းတွေမှာလာရောက် တိမ်းရှောင်သူ ယောက် ၅၀၀ ခန့်ရှိလာပြီ ဖြစ်ကြောင်းသိရသည်။
စစ်ရှောင်ပြည်သူများဟာ ပန်ဝါမြို့ပေါ် တိမ်းရှောင်ကြသလို တစ်ချို့က တောတောင်ဘက်နှင့် တရုတ်ပြည်ဘက် တိမ်းရှောင်သည့်သူတွေလည်းရှိပြီး တစ်ချို့က ဝိုင်းမော်၊ မြစ်ကြီးနားဘက် ထွက်ပြေးကြရာ လမ်းခုလတ်မှာ ပိတ်မိနေကြသည့်သူတွေရှိကြောင်း ဒေသခံတွေက ဆိုသည်။ လက်ရှိမှာ ပြည်သူ့စစ်မှ စစ်သားစုဆောင်းတာတွေလည်း ဆက်တိုက် ဆိုသလို လုပ်နေကြတာကြောင့် လမ်းသွားလမ်းလာအပိုင်းမှာလည်း အမြဲ ကြောက်လန့် စိတ်ပူနေရတယ်လို့ဆိုပါတယ်။
ပန်ဝါဒေသသည် မြေရှားသတ္တုတူးဖော်လုပ်ကိုင်နေတဲ့ ဒေသပြီး စစ်ပွဲများပြင်းထန်လာတာကြောင့် သတ္တုလုပ်ကွက် တစ်ချို့လည်း ပိတ်နေပြီဖြစ်ပြီး လုပ်ကွက်တစ်ချို့ကတော့ဆက်လက် လည်ပတ်နေဆဲဖြစ်ပေမဲ့ အလုပ်လာလုပ်တဲ့ သူတွေက တိုက်ပွဲပြင်းထန်လာတာကြောင့် အိမ်ပြန်ချင်ပေမဲ့လည်း ပြန်မရ၊ ပန်ဝါမြို့ဘက် အသွားအလာလုပ်ခြင်းကိုလည်း အလုပ်ရှင်တွေ ကန့်သတ်လိုက်တာကြောင့် အဆင်မပြေဘူး ဟု ပန်ဝါဘက် အလုပ်လာလုပ်တဲ့ပြည်သူ တစ်ဦး က ဆိုသည်။
“ တိုက်ပွဲက ပန်ဝါမြို့မှာ မဖြစ်ပေမဲ့ အနီးတဝိုက်မှာ ပြင်းထန်နေတော့ ဘယ်မှသွားလို့မရဘူး အရင်ကတော့ ပန်ဝါမြို့ဘက် သွားလည်လို့ရတယ်၊ တိုက်ပွဲဖြစ်လာတဲ့နောက်ပိုင်း ပန်ဝါဘက် မသွားရတော့ဘူး၊ ပြန်ချင်ပေမဲ့လမ်းတွေပိတ်တာနဲ့ စစ်သားစုဆောင်းတာနဲ့ ပြန်ဖို့ မလွယ်ဘူး၊ အလုပ်ရှင်တွေ ကလည်း ဘယ်မှ သွားခွင့် မပြုတော့ဘူး၊ အလုပ်ခွင်မှာပဲနေ ဖို့ ပြောထားတယ်၊ ဘယ်လို ဖြစ်လာမလဲမသိတော့ဘူး ”
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ နေ့တိုင်းလာရောက်ပစ်ကူတဲ့အပြင် အင်အားတွေလည်း တိုးထားတဲ့အတွက် နေ့စဉ်တိုက်ပွဲပြင်းထန်နေဆဲ ဖြစ် ကြောင်းလည်းသိရသည်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မနက်ကစပြီး ချီဖွေမြိုနဲ့ ဆော့လော်မြိုအတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရာ စက်တင်ဘာလ ၃၀ရက်မှာ ချီဖွေမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ဆော့လော်မြိုကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ပန်ဝါမြို့ဘက်ကို ဦးတည်ပြီး လက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေ တာပါ။
Comments