top of page

ပန်ဝါနှင့်ချီဖွေမြို့ရှိ မြေရှားသတ္ထုလုပ်ကွက်များ ပိတ်သိမ်းလာခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၆ရက်၊မတ်လ၊၂၀၂၅။




တရုတ်နယ်စပ်ဒေသရှိ ပန်ဝါမြို့နှင့် ချီဖွေမြို့ စသည့်ဒေသများမှ မြေရှားသတ္ထုလုပ်ကွက်ဆိုင်းအများစု ရပ်နားလာခြင်းကြောင့် အလုပ်သမားများ အလုပ်ရှားပါးလာကာ အိမ်ပြန်ထွက်ခွာသူ များလာသည်ဟု ပန်ဝါဒေသမှ မြေရှားသတ္ထုအလုပ်သမားတစ်ဦးက ပြောသည်။


“လုပ်ကွက်ဆိုင်းတွေ အကုန်ပိတ်သွားလို့ အိမ်ပြန်ဖို့လုပ်နေတာ။ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး။ သူများတွေပြောတာ ကြားတာတော့ ပိုက်ဆံငွေ အများကြီး ရင်းနိုင်တဲ့ဆိုင်းတွေ၊ လုပ်ကွက်ဆိုင်းအကြီးတွေပဲ တူးဖော်နေကြတာ” ဟု အထက်ပါအလုပ်သမားက ပြောသည်။


ပန်ဝါနှင့်ချီဖွေမြို့ရှိ မြေရှားသတ္ထုတူးဖော်သည့် လုပ်ကွက်ဆိုင်း အများစုမှာ ယခင်လ ဖေဖော်ဝါရီ လလယ်ကတည်းက စတင်ပိတ်သိမ်းလာခြင်းဖြစ်ပြီး၊ ငွေအရင်းအနှီးများသော လုပ်ကွက်ဆိုင်းကြီး အနည်းစုသာ ကျန်ရှိကာ ဆက်လက်တူးဖော်နေကြောင်း သိရသည်။


ပြီးခဲ့သည့်နှစ်တွင် ပန်ဝါဒေသကို ကချင်လွှတ်လပ်ရေးတပ်ဖွဲ့(KIA)မှ သိမ်းပိုက်လိုက်ပြီးနောက် မြေရှားသတ္ထုဆိုင်းများ တစ်ဖြည်းဖြည်း ပိတ်သိမ်းလာခြင်းဖြစ်သည့်အပြင် ဆက်လက်တူးဖော်မည့် လုပ်ကွက်များမှာ KIOထံ အခွန်ပေးဆောင်မှသာ တူးဖော်လုပ်ကိုင်ရမည်ဖြစ်သောကြောင့် ပိတ်သိမ်းလာခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။


အလုပ်သမားများ ပြောပြချက်အရ လက်ရှိ မြေရှားလုပ်ကွက်မှ ရွှေ့ပြောင်းအလုပ်သမားများမှာ အလုပ်ရပ်နားခံထားရသောကြောင့် အိမ်ပြန်ထွက်ခွာသူ များပြားနေ‌သလို၊ အချို့အလုပ်သမားများမှာ တရုတ်လုပ်ငန်းရှင်များထံမှ လုပ်အားခတောင်းယူရာတွင်လည်း ခက်ခဲနေကြသည်ဟု ဆိုသည်။


“အခုက တရုတ်တွေကိုလည်း ပိုက်ဆံတောင်းဖို့ အရမ်းခက်နေတယ်။ တစ်ချို့တွေဆို လောပန်းတွေနဲ့ ရန်ဖြစ်ရတဲ့အထိ တောင်းယူရတယ်။ ကျနော်တို့ဆိုလည်း တောင်းထားတယ်။ ဒီ၁၅ရက်နေ့မှ ပေးမယ်လို့တော့ ပြောထားတယ်။ စောင့်နေတယ်။ အခုချိန်က ဝိုင်းမော်၊မြစ်ကြီးနားဘက်ကို ဆင်းလာကြတဲ့သူတွေ အများကြီးပဲ။ ကားတွေကလဲ တက်လာတဲ့ ကားမတွေ့ရဘူး။ ဆင်းသွားတဲ့ကားပဲ ရှိတယ်” ဟု အလုပ်သမားတစ်ဦးက ပြောသည်။


တစ်ဖက်မှာလည်း နယ်စပ်ဂိတ်များကို နှစ်ဖက်အစိုးရမှ တရားဝင် ဖြတ်သန်းခွင့် မပြုသောကြောင့် ကန်ပိုင်တည်အမှတ်(၆) မှောင်ခိုလမ်းမှတဆင့် တရုတ်ပြည် ဂူရုံးမြို့ထွက် မှောင်ခိုဖြတ်လမ်းကနေ တရုတ်ပြည်သို့ သယ်ယူပို့ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။


မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ပန်ဝါဒေသသည် ယခင်က ဇခုန်တိန်းယိန်းဦးဆောင်သည့် နယ်ခြားစောင့်တပ်ထိန်းချုပ်ခဲ့သည့် ဒေသဖြစ်သလို တရုတ်နိုင်ငံကို မြေရှားအများဆုံးတူးပို့နေသည့် ဒေသလည်းဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page