ပါဂျောင်မီဒီယာ။
၂၄ရက်၊ဇန္နဝါရီ၊၂၀၂၅။
ကချင်ပြည်နယ်၊ နယ်စပ်ဒေသ ပန်ဝါမြို့ရှိ မြေရှားသတ္တုဆိုဒ်တစ်ချို့ ပြန်လည်တူးဖော်နေကြသလို၊ အချို့မှာ ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး၊ နယ်စပ်ဂိတ်မှာလည်း မြေရှားလုပ်သားတစ်ချို့ကိုသာ ဖြတ်သန်းခွင့်ပြုနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
“တစ်ချို့ဆိုဒ်တွေက ပြန်လုပ်တာရှိသလို ပိတ်ထားတဲ့ဆိုဒ်တွေလည်း ရှိတယ်။ ခုလုပ်နေတဲ့ဆိုဒ်တွေက ဒီနယ်စပ်ဂိတ်ဖွင့်တဲ့အချိန်ပြန်လာလုပ်ကြတာ။ တရုတ်ဂိတ်မှာလည်း သူတို့တရုတ်လူမျိုး အချင်းချင်းသတ္တုလာလုပ်တဲ့သူတွေကိုဘဲ သွားလာခွင့်ပြုတာ။ ပစ္စည်းတွေတောင် အကုန်သယ်ယူလို့မရဘူး ကန့်သတ်ထားတယ်’’ ဟု ပြောသည်။
တရုတ်-ကချင်နယ်စပ်ဂိတ်များအား ပြီးခဲ့သည့် ကချင်အထူးဒေသ(၁)နှင့် ကန်ပိုင်တည်နယ်စပ် မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ချိန်မှစပြီး တရုတ်ဘက်မှသာမက KIAဘက်ကပါ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် တရုတ်နိုင်ငံမှ KIOကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး၊ တရုတ်နိုင်ငံကူမင်းမြို့တွင် သွားရောက်တွေ့ဆုံနေစဉ် တရုတ်-ကချင်နယ်စပ်ဂိတ်များအား နှစ်ဖက်စလုံးမှ ပြန်လည်ဖွင့်လှစ်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းအချိန်မှစပြီး ယခုအချိန်အထိ တရုတ်ဘက်မှ ကုန်ပစ္စည်းအဝင်အထွက် မရှိဘဲ၊ ကန့်သတ်ထားသော်လည်း မြေရှားလုပ်သားတစ်ချို့အား ဖြတ်သန်းခွင့်ပြုနေသည်။ ထို့အပြင် တရုတ်က ကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်နေသောကြောင့် KIAဘက်မှလည်း ဖြတ်သန်းခွင့် ပြန်လည်ပိတ်ပင်ထားကြောင်း သိရသည်။
ဒေသခံများ ပြောပြချက်အရ လက်ရှိပန်ဝါမြို့တွင်း မြေရှားသတ္တုတူးဖော်နေကြသူများမှာ တရုတ်နိုင်ငံသားများသာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ(၁၃)ရက်နေ့ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ချိန် ဝင်ရောက်လာကြသူများဖြစ်ကြောင်းနှင့် နယ်စပ်မြို့များတွင် ကုန်ပစ္စည်းအဝင်မရှိဘဲ မြစ်ကြီးနား-ဝိုင်းမော်ဘက်မှ သယ်ယူနေရခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။
သတင်း-ဖရိန်း
Comments