ပါဂျောင်မီဒီယာ
၈ရက်၊ မေလ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် အလွန်အကျွံ ရောင်းဝယ်သုံးစွဲနေကြသောကြောင့် ရပ်ကွက်နေ ပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်နေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံး ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။
ယမန်နေ့ မေလ၇ရက်နေ့ ညနေပိုင်းအချိန်တွင်လည်း ခေမာသီရိရပ်ကွက် မိန်းလမ်းမကြီးမှ ရမ်ပူရပ်ကွက်အဝင် ပေးဆပ်သူလူမှုကူညီရေးအသင်းလမ်းကြားတွင် မူးယစ်ဆေး သုံးစွဲသူများနှင့် ရောင်းဝယ်သူများမှာ အုပ်စုလိုက် ပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားနေကြသည့်အပြင် အနီးဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများကိုပါ စော်ကားပြောဆိုဆက်ဆံလာကြသောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရုပ်ရုပ်သဲသဲ ဖြစ်ခဲ့ကြကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ရမ်ပူရပ်ကွက်တွင် မူးယစ်ဆေးဝါးများကို အကြောက်အလန့်မရှိ ရောင်းဝယ်ဖောက်ကားကြသည်မှာ အချိန်တစ်ခုအထိ ကြာမြင့်နေပြီဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ တာဝန်ယူဖြေရှင်းပေးမှုမှာ မရှိသလောက် ရှားပါးနေကြောင်းနှင့် ရောင်းဝယ်ဖောက်ကားကြသူများမှာ ပွဲဈေးတန်းသကဲ့သို့ စည်စည်ကားကား လုပ်ဆောင်ကြကြောင်း သိရသည်။
ယင်းနေရာ လမ်းကြားတစ်ဝိုက်အတွင်း သွားလာမိလျှင်ပင် မူးယစ်ဆေးဝါးအား ယူဦးမလားဟု အတင်းလိုက်မေးကာ ရောင်းချကြသည် သာမက သုံးစွဲသူများမှာလည်း လူမမြင်ကွယ်ရာတွင်မဟုတ်ဘဲ အိမ်ရှေ့နေရာများတွင်ပင် ပေါ်ပေါ်ထင်ထင်သုံးစွဲကြပြီး အချို့အမျိုးသားများမှာ ၄င်းတို့၏ ကျားအင်္ဂါများတွင်ပင် မူးယစ်ဆေးထိုးနေကြသူများလည်း ရှိနေသည်ဟု ဆိုသည်။
ထို့ကြောင့် အမျိုးသမီးများနှင့် ရပ်ကွက်နေ ဒေသခံများမှာ လုံခြုံရေးအတွက် စိုးရိမ်ရသောကြောင့် မိမိရပ်ကွက်အတွင်း လာမရောင်းချကြရန်၊ မသုံးစွဲကြရန် အကြိမ်ကြိမ်ပြောဆိုသော်လည်း လိုက်နာခြင်းမရှိဟု သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အုပ်ချုပ်ရေး ယန္တရား ပျက်ဆီးယိုယွင်းနေသည့် ၂၀၂၁ခုနှစ် နောက်ပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သုံးစွဲမှုများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာရပြီး ရပ်ကွက်တိုင်းလိုလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများရှိနေသော်လည်း အာဏာပိုင်များမှမျက်ကွယ်ပြုမှုများရှိနေသည်။
Comments