ပါဂျောင်မီဒီယာ
၂၊ ၉၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်ဒေသရှိ ဒေသခံများမှာ တောင်ယာလုပ်ငန်းဖြင့် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ကြပေမယ့်၊ ယခုနှစ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စားဝတ်နေရေးအတွက် အလွန်ခက်ခဲလာနိုင်သည်ဟု ဆွမ်ပရာဘွမ်ဒေသခံများက ပြောသည်။
“ဟိုးအရင်ကတည်းက ကျနော်တို့ဒေသမှာက တောင်ယာလုပ်ပြီး အဓိကစားဝတ်နေရေးအတွက် ဖြေရှင်းခဲ့ကြတာ။ အခုနှစ်မှာက တောင်ယာခုတ်ရှင်းလင်းရမယ့်အချိန်မှာ စစ်ပြေးတိမ်းရှောင်နေရတော့ ဒီတိုင်းပစ်ထားခဲ့ရတယ်။ တောင်ယာလုပ်ငန်းက သူ့အချိန်နဲ့ပဲ လုပ်စားရတာဆိုတော့ ဒီနှစ်အတွက် စားဝတ်နေရေးက အရမ်းခက်ခဲလာနိုင်တယ်။” ဟု ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် မတ်လ၇ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ချိန်ကတည်းက ဆွမ်ပရာဘွမ်ဒေသခံများမှာ ဘေးလွတ်ရာ တောတောင်နေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေချိန်သည် ဒေသအတွင်း တောင်ယာလုပ်ငန်းအတွက် တောရှင်းကာ တောင်ယာမီးရှို့၊ စပါးစိုက်ချိန်ဖြစ်ပေမယ့် စစ်ပြေးနေခဲ့ရကြောင်း သိရသည်။
ဆွမ်ပရာဘွမ်ဒေသအခြေစိုက်သည့် စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့မှ မေလဆန်းပိုင်းတွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောတောင်နေရာများသို့ သုံးလကျော်ကြာအောင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ဒေသခံများမှာ မိမိနေရပ်ရင်းသို့ ပြန်လည်အခြေချ နေထိုင်ခဲ့ကြသည်။
သို့သော် ပြန်လည်အခြေချနေထိုင်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပြီး၊ အဆိုးဆုံးမှာ တောင်ယာလုပ်ငန်း ရပ်တန့်သွားသောကြောင့် စားဝတ်နေရေးအတွက် အလွန်ခက်ခဲလာနိုင်သည့် အခြေအနေဖြစ်သဖြင့် ဒေသခံများစိုးရိမ်နေကြသည်။
လက်ရှိမှာတော့ ဆွမ်ပရာဘွမ်ဒေသတွင် KIO ထိန်းချုပ်မှုအောက်တွင်တည်ရှိနေပြီဖြစ်ပေမယ့် ပြန်လည်ထူထောင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍများတွင် အသစ်ပြန်လည်ထူထောင်နေရသည့်အပြင် စားဝတ်နေရေးအတွက်လည်း ပြန်လည်ထူထောင်ရသောကြောင့် ယခင်နှစ်များထက် ပိုမိုခက်ခဲလာနိုင်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
Comments