ပါဂျောင်မီဒီယာ
၂၄ရက်၊မေလ၊၂၀၂၄ခုနှစ်။
ပူတာအိုမြို့နယ်၊ မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်ရှိ ဝါဒတ်ကျေးရွာမှ ပြည်သူများသည် လုံရှာယန်ကျေးရွာသို့ ပြီးခဲ့သည့် မေလ၂၁ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်ဟု ဆိုသည်။
"ဆွမ်ပီယာန်ရွာသားတွေက အရင်ထွက်ပြေးသွားကြတယ်၊ အခုတော့ မြန်မာစစ်တပ်က တပ်မလိုက် အဲ့ဒီရွာထဲမှာပဲ ရှိနေတယ်။ ပူတာအိုဘက်ကနေလည်း စစ်ကူခဏခဏသွားတယ်၊ ငါတို့ဝါဒတ်ရွာက ဆွမ်ပီယာန်မရောက်ခင်မှာ ရှိနေတော့ ရွာသားတွေကို ပေါ်တာဆွဲတယ်၊ ရွာထဲမှာ လာလာပြီးသောင်းကျန်းတယ်၊ ယောက်ျားလေးတွေကိုလည်း ဖမ်းပြီးစစ်ဆေးတာတွေ၊ သူတို့ရဲ့ စစ်ကြောင်းမှာ လူသားဒိုင်းအနေနဲ့ ရှေ့ကနေသွားခိုင်းတာတွေ လုပ်နေတော့ နေလို့မရတော့ဘူးလေ။” ဟု ဝါဒတ်ကျေးရွာမှ စစ်ရှောင်လာသူ ဒေသခံတစ်ဦးက ပြောသည်။
ဝါဒတ်ကျေးရွာတွင် ပေါ်တာဆွဲခေါ်ခြင်း၊ အမျိုးသားများအား ဖမ်းဆီးမေးမြန်းခြင်းများ လုပ်ဆောင်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီတစ်ပတ်ထဲမှာပဲ ရွာကလူတွေ အားလုံးထွက်ပြေးသွားပြီ၊ အများပိုင်းတော့ လုံရှာယာန်ဘက်ကို ပြေးလာကြတယ်၊ မိသားစု ၄၊ ၅စုလောက်တော့ ကေအိုင်အေ တပ်ရင်း(၇) နယ်မြေ မလိခဟိုဘက်ကမ်းကို ကူးသွားကြပြီ။ တောင်ယာခင်းတွေလည်း အားလုံးပစ်ထားလိုက်ပြီ၊ အိမ်ကတိရိစ္ဆာန်တွေရော အားလုံးချန်ထားလိုက်ပြီ" ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
ဆွမ်ပရာဘွမ်မြို့အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KPDF) ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များလည်း မေလ၁၂ရက်နေ့မှစ၍ ပူတာအို-ဆွမ်ပရာဘွမ့်မြို့အကြားရှိ လမ်းပိုင်းနေရာများတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့ကြသည်။
အင်အားအလုံးအရင်းဖြင့် နေ့စဉ်စစ်ကြောင်းထိုးကာ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေကြသည့် ဝါဒတ်ပြည်သူများမှာ လုပ်နေဆဲဖြစ်သည့် စပါးခင်း၊ ယာခင်းနှင့် အိုးအိမ်များ၊ ကျွဲ၊ နွား တိရိစ္ဆာန်များအား စွန့်ပစ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဆိုသည်။
ဝါဒတ်ကျေးရွာသည် ပူတာအို-မြစ်ကြီးနားသွား ပြည်ထောင်စု လမ်းမပေါ်တွင် တည်ရှိပြီး အိမ်ထောင်စု ၁၅စုမှ လူဦးရေ ၅၀ ခန့် နေထိုင်သော ဆွမ်ပီယာန်ကျေးရွာအုပ်စုမှ ရွာငယ်လေးတစ်ရွာဖြစ်ကာ၊ ဆွမ်ပီယာန်ကျေးရွာမှ ပြည်သူ ၁၀၀၀ ကျော်လည်း အားလုံးတိမ်းရှောင်ခဲ့ကြပြီး ဖြစ်သည်။
သတင်း- မလိခူး
Yorumlar