ပါဂျောင်မီဒီယာ
၁၀ရက်၊ ဇွန်လ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_edb792b9e78c40dc829d987d656ce3fc~mv2.jpg/v1/fill/w_720,h_356,al_c,q_80,enc_auto/c187ce_edb792b9e78c40dc829d987d656ce3fc~mv2.jpg)
မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းပိတ်ပင်လိုက်ပြီးနောက် ပူတာအိုဒေသအတွင်း စက်သုံးဆီ ပြတ်လတ်မှုနှုန်းနှင့် ဈေးနှုန်းမြင့်တက်မှု ပိုမိုပြင်းထန်လာသောကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် ပူတာအိုဒေသခံများမှာ အိန္ဒိယနယ်စပ်သို့ ဖြတ်ကျော်၍ စက်သုံးဆီများ သွားရောက်ဝယ်ယူကာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြရသည်ဟု ပူတာအိုဒေသခံများက ပြောသည်။
"အိန္ဒိယဘက်ကို ဆီသွားထမ်းတဲ့အဖွဲ့တွေ အခုဆိုရင် လေးငါးဖွဲ့လောက်တောင် ရောက်လာကြပြီ။ အဖွဲ့လိုက်သွားထမ်းကြတာ လမ်းကြောင်းကတော့ နှစ်ကြောင်းရှိတယ်။ နမ်ထွမ်ခူးလမ်းဘက်ကနေတစ်ကြောင်း၊ ဖုန်ရင်၊ ဖုန်ဂန်ရေခဲတောင်လမ်းကနေ တစ်ကြောင်းရှိတယ်။ နှစ်ကြောင်းစလုံးကတော့ အတူတူလောက်ပါပဲ အသွားကိုလေးညအိပ်ရတယ်။ အပြန်ကျတော့ တစ်ပတ်လောက်ကြာတယ်ဆိုတော့ စုစုပေါင်း ဆယ်ရက်ခရီးရှိတယ်။” ဟု အိန္ဒိယနယ်စပ်ဘက်သို့ ဆီသွားထမ်းသည့် လယ်သမားတစ်ဦးက ပြောသည်။
ပူတာအိုဒေသခံများမှာ လယ်ယာလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖြေရှင်းနိုင်ရန်အတွက် စက်သုံးဆီများကို ရေခဲတောင်များ ဖြတ်ကျော်ကာ အိန္ဒိယနယ်စပ်ဘက်သို့ ကိုယ်တိုင်သွားရောက် ဝယ်ယူကြရပြီး လမ်းကြောင်းမှာ နမ်ထွမ်ခူးလမ်းနှင့် ဖုန်ရင်၊ ဖုန်ဂန်လမ်းကြောင်းဟူ၍ လမ်းကြောနှစ်ကြောင်းဖြင့် အသွားအပြန် ဆယ်ရက်ကြာ ခရီးသွားရသည်။
“အိန္ဒိယနယ်စပ်ကျော်ဝင်ပြီးမှ ဒီဇယ်၊ ဓါတ်ဆီတွေ ဝယ်ယူလို့တော့ရတယ်။ ဒါပေမယ့် လမ်းခရီးကလည်း တောင်အတက်အဆင်း ကြမ်းတာနဲ့ဆိုတော့ တစ်ယောက်ကို အများဆုံးရှစ်ဂါလံလောက်ပဲ ထမ်းနိုင်တယ်။ အဲ့ဖက်ကိုသွားထမ်းတဲ့ လူတွေအများကြီးပဲ၊ ဒီကနေ အိန္ဒိယရူပီတော့ လဲသွားရတာပေါ့" ဟု အထက်ပါ လယ်သမားက ဆက်ပြောသည်။
ပူတာအိုဒေသတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည့် အချိန်ကာလဖြစ်သော်လည်း စက်သုံးဆီ ပြတ်လပ်ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းကြောင့် ယခုကဲ့သို့ နယ်စပ်သို့ သွားရောက်ဝယ်ယူ အသုံးပြုရခြင်း ဖြစ်ကြောင်းနှင့် လက်ရှိမှာတော့ ဒေသအတွင်း ဓါတ်ဆီတစ်ပုလင်းလျှင် ကျပ်တစ်သိန်းနှစ်သောင်း၊ ဒီဇယ်တစ်ဂါလံလျှင် ကျပ်တစ်သိန်းငါးသောင်းအထိ ဈေးမြင့်တက်နေပြီး အချို့မှာ စပါး ၁၃တင်း ဖြင့် လဲလှယ်ဝယ်ယူကြရသည်ဟု ဆိုကြသည်။
တစ်ဖက်တွင်လည်း ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသ တရုတ်နယ်စပ်ဖက်မှလည်း စက်သုံးဆီ အနည်းအကျဉ်းဝင်ရောက်မှု ရှိနေသော်လည်း သယ်ယူနိုင်ရန် လမ်းခရီးဝေးလံခြင်း၊ ခက်ခဲကြမ်းတမ်းခြင်း စသည့် အခြေအနေများကြောင့် ဝယ်ယူနိုင်ရန် ခက်ခဲနေကြောင်းလည်း ထပ်မံသိရသည်။
မေလဆန်းပိုင်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ပူတာအိုဒေသလယ်သမားများအတွက် ဒီဇယ်ဆီများကို လေကြောင်းဖြင့် သယ်ယူရောင်းချပေးခဲ့သော်လည်း လယ်ပိုင်ရှင်တစ်ဦးလျှင် ဒီဇယ်ဆီတစ်ဂါလံနှုန်းသာ ရောင်းချပေးနိုင်ခဲ့သည်ဟု ဆိုသည်။
သတင်း-မလိခူး
Comments