ပါဂျောင်မီဒီယာ။
၁၉ရက်၊မတ်လ၊၂၀၂၅။
ပူတာအို၊ ခေါင်လန်ဖူးမြို့နယ်၊ ရေခဲတောင်ခြေဒေသဖြစ်သည့် ရှိန်းခေါင်ကျေးရွာတွင် ယမန်နေ့ မတ်လ ၁၈ရက် နံနက်ပိုင်းအချိန်ခန့်က နေအိမ်မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
"မနေ့ကမနက်ပိုင်းမှာ လောင်သွားတာ၊ အိမ်ခြေ(၁၀)အိမ်လောက်ပါသွားပြီ။ ဘယ်က၊ဘယ်လိုစလောင်တယ်ဆိုတာ အတိအကျတော့ မသိရသေးဘူး၊ ခန့်မှန်းရသလောက်တော့ ရှားကော(ဟင်းခက်သီးနှံ)လှောင်ထားတဲ့ ဂိုဒေါင်တွေရှိတယ်၊ အစောင့်တော့မရှိကြဘူး။ အဲ့လိုနေရာတွေမှာ ပြင်ပကလာတဲ့လူတွေ မီးမွေးတာတို့ လုပ်ထားရာကနေ စလောင်တာလားပေါ့။ မနှစ်တုန်းကလည်း အဲ့လိုဖြစ်ပြီး လောင်ခဲ့တာဟုတ်တယ်၊ ဆုံးရှုံးမှု အင်မတန်ကြီးမားတယ်ဗျာ" ဟု ဒေသတွင်း ကုန်တင်ကားသမားတစ်ဦးက ပြောသည်။
မတ်လ ၁၈ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ရွာသားများအနေဖြင့် အိမ်ခြေ(၁၀)လုံးအပါအဝင် နေအိမ်အတွင်းမှ ပစ္စည်းအမြောက်အများ ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှိန်းခေါင်ဒေသတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး၊ ယခုနှစ် မတ်လ ၁၈ရက်နေ့တွင်လည်း ဒုတိယအကြိမ် ထပ်မံမီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် အိမ်ခြေ(၆၃)အိမ်အထိ မီးလောင်ကျွမ်းခဲ့ပြီး၊ ရှိန်းခေါင်ဒေသ၏ အိမ်ခြေထက်ဝက်ခန့်မှာ မီးထဲပါသွားခဲ့ရသလို၊ ယခုနှစ်တွင်လည်း ထပ်မံဖြစ်ပွားခဲ့သခြင်းဖြစ်သည်။
ရှိန်းခေါင်ကျေးရွာသည် မြန်မာပြည်ရှိ တစ်ခုတည်းသော ရေခဲပြင်ကျေးရွာဖြစ်ပြီး၊ အိမ်ခြေ(၂၀၀၀)ကျော် မှီတင်းနေထိုင်သော တရုတ်နိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်ဒေသတစ်ခုလည်း ဖြစ်သည်။
သတင်း - မလိခူး
Comments