top of page

ပူတာအို၊ မကပ်မုံကျေးရွာတွင် ရေလမ်းကြောင်းနှင့် ရေကာတာ တည်ဆောက်ပေးမည်ဟု ဆိုကာ ဗျူဟာမှူးတစ်ဦး ရွှေတူးဖော် လုပ်ကိုင်နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၆ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ပူတာအိုမြို့နယ်၊ မကပ်မုံကျေးရွာမှ ဒေသခံပြည်သူများ ထိန်းသိမ်းကာကွယ်ထားသည့် မလိခမြစ်တစ်လျှောက်တွင် ရေလမ်းကြောင်း တည့်ပေးရန်နှင့် ရေကာတာ တည်ဆောက်ပေးမည်ဟုဆိုကာ ပူတာအိုမြို့ ခ.လ.ရ (၄၆) တပ်ရင်း၊ ဗျူဟာမှူးမှ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖေါ် လုပ်ကိုင်နေသည်ဟု ဒေသခံများက ပြောကြားလာသည်။


"ဒီနေရာတွေမှာတော့ ရွှေအရမ်းထွက်တဲ့ နေရာတွေ မှန်းတော့သိတယ်။ ဒါပေမယ့် ရွာခံတွေကိုတောင် မလုပ်ခိုင်းဘဲ တားမြစ်၊ ကာကွယ်ထားတဲ့ နေရာတွေဟုတ်တယ်။ ဘာလို့လဲဆိုတော့ ရေလမ်းကြောင်း ပျက်စီးနိုင်တယ်။ လယ်တွေ၊ စိုက်ခင်းတွေမကလို့ ရွာမြေတွေပါ ရေတိုက်စားနိုင်လို့ ကာကွယ်ထားတာဟုတ်တယ်။ အခုတော့ ဗျူဟာမှူးကိုယ်တိုင် ရေလမ်းကြောင်းတည့်ဖို့နဲ့ ရေကာတာ တည်ဆောက်ဖို့ဆိုပြီးမှ ဘက်ဟိုးစက်တွေနဲ့ ရွှေတူးနေတာ သုံးလလောက်ရှိပြီ။ ဒေသခံ‌တွေလည်း မကန့်ကွက်ရဲကြဘူး” ဟု မကပ်မုံ ဒေသခံတစ်ဦးက ပြောသည်။


ဗျူဟာမှူးမှာ ဒေသခံများ၏ မြစ်ရေလမ်းကြောင်း ဖြောင့်ပေးရန်နှင့် ရေကာတာ ဆောက်လုပ်ပေးမည်ဟုဆိုကာ ဒေသခံများ ကန့်ကွက်တားမြစ်ထားသည့် မလိခမြစ်တွင် ရွှေတူးဖော်လုပ်ကိုင်နေသည်မှာ ၃လနီးပါး ကြာမြင့်လာပြီ ဖြစ်သည်။




သို့သော်လည်း ရေကာတာ မဆောက်လုပ်ဘဲ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော် လုပ်ကိုင်နေကြပြီး၊ ယခုဆိုလျှင် ရွှေတူးဖော်မှုကြောင့် မလိခမြစ်ရေ အလယ်ခေါင်တွင်ပင် စွန့်ပစ်မြေစာပုံများ တောင်ကဲ့သို့ ပုံချထားကြကာ ရေလမ်းကြောင်းများလည်း ယခင်ထက် ပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။


ထို့အပြင် မချမ်းဘော့မြို့၊ မလိခကြိုးတံတားအထက်တွင်လည်း ဒေသခံများ တားမြစ်၊ ထိန်းသိမ်းကာကွယ်ထားသည့် နေရာများ၌ ဗျူဟာမှူးကိုယ်တိုင် တစ်ဆိုင်းလျှင် ဆယ့်ငါးသိန်းကျပ် ကောက်ခံကာ ရေငုတ်ဆိုင်း (၁၅)ဆိုင်းအထက်ကို လုပ်ပိုင်ခွင့် ချပေးထားကြောင်း မချမ်းဘော့မြို့ ဒေသခံတစ်ဦးက ထပ်မံပြောပြသည်။


"အရင်နှစ်တွေမှာတောင် မြို့ဧရိယာဟုတ်တယ် ဆိုပြီး တင်းတင်းကြပ်ကြပ်နဲ့ ကာကွယ်ထားတဲ့ နေရာတွေဟုတ်တယ်၊ အခုနှစ်‌မှာ‌တော့ ဗျူဟာမှူးက စက်ဆိုင်းတစ်ဆိုင်းကို ကျပ်တစ်ဆယ့်ငါးသိန်း သွင်းခိုင်းပြီးမှ လုပ်ခိုင်းလိုက်တော့ အခုဆိုရင် ရေငုတ်ဆိုင်း ဆယ့်ငါးဆိုင်းအထက်တောင် ရှိ‌နေပြီ။” ဟု ပြောသည်။


ဒေသခံများ ပြောပြချက်အရ ယင်း ခ.လ.ရ(၄၆) မှ ဗျူဟာမှူးမှာ အခြားလုပ်ငန်းရှင်များအား အခွန်ကောက်စားကာ ဒေသခံများ ကန့်ကွက်တားမြစ်ထားသည့် နေရာများတွင် ရွှေတူးဖော်ခွင့်ပေးကာ ကိုယ်ပိုင်စီးပွားရေး သကဲ့သို့ လုပ်ကိုင်နေကြောင်းနှင့် အချို့နေရာများတွင်လည်း ယင်းကိုယ်တိုင် တူးဖော်လုပ်ကိုင်‌ေနခြင်း ဖြစ်သည်။


ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ် မလိခမြစ်ရိုးတစ်လျှောက်ရှိ ရွှေမှော်အများအပြားသည် စက်သုံးဆီ ရှားပါးလာခြင်းကြောင့် ပိတ်ပင်ထားခဲ့သော်လည်း ဗျူဟာမှူး၏ လုပ်ကွက်များဖြစ်သည့် မကပ်မုံအုပ်စု၊ ခါးရှိကျေးရွာအနီးနှင့် မချမ်းဘော့မြို့၊ မလိခကြိုးတံတား အထက်ရွှေမှော် နှစ်နေရာများတွင် ဆက်လက်တူးဖော်နေဆဲဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


သတင်း- မလိခူး


1 view0 comments

Comentários


Pajau Media

Thanks for subscribing!

bottom of page