ပါဂျောင်မီဒီယာ
၁၃ရက်၊မတ်လ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း နှစ်ဖက်စစ်တပ်၏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကုန်စည်စီးဆင်းမှု ပိတ်လိုက်ခြင်း တစ်ပတ်ခန့် ရှိလာပြီဖြစ်သောကြောင့် ကုန်ဈေးနှုန်းများ ယခင်ထက် နှစ်ဆအထိ တက်လာနေကြောင်း သိရသည်။
"အခုရက်ပိုင်းထဲမှာပဲ ကြက်ဉတွေ ဆားတွေ ဆိုင်တော်တော်များများမှာ ကုန်နေပြီ၊ ကြက်ဉတစ်လုံး တစ်ထောင်လောက်ပေးရတယ် မြစ်ကြီးနားကားလမ်း ပိတ်လိုက်တယ် ကြားတာနဲ့ လူတွေက စားသောက်ကုန်တွေ အများအပြား ဝယ်ယူပြီးမှ သိုလှောင်ကြတဲ့သူတွေရှိတော့ ဈေးထဲမှာ ချက်ချင်းပဲ စားသောက်ကုန်တွေပြတ်လာပြီ၊ အရင်တပတ်အထိ ဆားတစ်အိတ်က နှစ်သောင်းကျပ်အမြင့်ဆုံး ကနေ အခုရက်ပိုင်း ခြောက်သောင်းနီးပါး ဖြစ်သွားပြီ" ဟု ပူတာအိုမြို့မ ဈေးသည်တစ်ဦးမှ ပြောကြားသည်။
ပူတာအိုမြို့အတွင်း ကြက်ဉတစ်လုံး တစ်ထောင်နီးပါး တက်နေပြီး၊ ဆားတစ်အိတ်လျှင် နှစ်သောင်းကျပ်မှ ခြောက်သောင်းကျပ်အထိ မြင့်တက်ကာ ဓာတ်ဆီတစ်လီတာလျှင် ခြောက်ထောင်နီးပါးအထိ မြင့်တက်နေသည်။ ထို့အပြင် ကုန်ဈေးနှုန်းအများစုမှာ ယခင်ဈေးနှုန်းထက် နှစ်ဆအထက်သို့ မြင့်တက်နေကြောင်း ထပ်မံသိရှိရသည်။
ပူတာအို-မြစ်ကြီးနား ကားလမ်းတစ်ေလျှာက်တွင် မတ်လ ၇ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မတ်လ၈ရက်နေ့မှ စတင်ကာ မြစ်ကြီးနားမှ အဆင်းအတက်ကားများ အားလုံး ပိတ်ပင်ထားခဲ့သောကြောင့် ပူတာအို မြို့နယ်အတွင်း ကုန်စည်ဝင်ရောက်မှု မရှိသည်မှာ တစ်ပတ်ခန့်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် ပူတာအိုမြို့နယ်အတွင်း အချို့သော ကုန်ပစ္စည်းများ၊ စားသောက်ကုန်နှင့် စက်သုံးဆီများ ပြတ်လတ်စပြုလာသည့်အပြင် ကုန်ဈေးနှုန်းများလည်း တစ်ပတ်အတွင်းမှာပင် တစ်ဟုန်ထိုး တက်လာခဲ့သည်ဟု ဆိုသည်။
"ဆီဆိုင်တွေမှာလည်း လူတစ်ယောက်ကို တစ်ခေါက် မှ အများဆုံး ငါးသောင်းဖိုးပဲ ရောင်းပေးတော့တယ်၊ ကားနဲ့လာထည့်ကြတဲ့သူတွေကိုလည်း အများဆုံး ငါးသောင်းကျပ်ဖိုးပဲ ထည့်ပေးတယ်" ဟု ကားသမားတစ်ဦးက ဆိုသည်။
ယခုလို အကန့်အသတ်ဖြင့်သာ ရောင်းပေးရခြင်းမှာ စက်သုံးဆီ ပြတ်လတ်တော့မည်ဖြစ်သောကြောင့် စက်သုံးဆီဈေး တစ်လီတာလျှင် အနှိမ့်ဆုံးဈေးမှာ (၅,၆၀၀)ကျပ်ဖြင့် ရောင်းချနေသည်ဟု ဆီဆိုင်ဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့သည်။
ပူတာအို-မြစ်ကြီးနားကားလမ်းမှာ ဘယ်အချိန်ထိ ပိတ်ပင်ထားမည်ကို မသိရှိကြောင်းနှင့် ယခုလို ကားလမ်းပိတ်ဆို့မှု အချိန်ကြာမြင့်လာပါက ဒေသခံပြည်သူများ ကုန်ဈေးနှုန်းမြင့်တက်သည့်အပြင် ကုန်စည်ပြတ်လတ်မှုများပါ ကြုံတွေ့လာနိုင်ဖွယ် ရှိသောကြောင့် ခက်ခဲလာမည်ကို စိုးရိမ်နေကြရသည်ဟု ဆိုသည်။
သတင်း- မလိခူး
Comments