ပါဂျောင်မီဒီယာ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ချောင်းဖျားများနှင့် မလိခမြစ်တစ်လျှောက် နေရာအနှံ့ အပြားများတွင် ရွှေတူးဖော်သည့် လုပ်ငန်း အလွန်များပြားလာသည်နှင့်အမျှ လုပ်သားများကို အခကြေး ငွေအစား မူးယစ်ဆေးဝါးများနှင့် အစားထိုးပေးချေသောစနစ် သိသိသာသာ လုပ်ကိုင်လာကြောင်း အမည်မဖော်လိုသည့် ရွှေဆိုင်းလုပ်ငန်းရှင် တစ်ဦးပြောပြချက်အရ သိရသည်။
“မလိခမြစ် တစ်လျှောက် လုပ်နေကြတဲ့ ရွှေဆိုင်းဆယ်ဆိုင်းလောက်မှ ခုနှစ်ဆိုင်းလောက်က လုပ်ငန်းရှင်ကိုယ်တိုင် သူတို့ကျင်းသားတွေကို ဘိန်းဖြူတွေ ထုတ်ပေးပြီးမှ ခိုင်းစားနေကြတာပဲ။ မူးယစ်ဆေးဝါးကင်းတဲ့ ရွှေဆိုင်းဆိုတာ ခပ်ရှားရှားပဲ” ဟု ပြောသည်။
၂၀၂၂ခုနှစ် အစောပိုင်းကာလအထိ မြို့နယ်အတွင်း မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းများ (Pat Jasan) အရေးယူဆောင်ရွက်မှု၊ ဖမ်းဆီးမှုများ သက်ဆိုင်ရာ ဌာနများမှ ဆောင်ရွက်မှုတွေ ရှိခဲ့သော်လည်း မူးယစ်ဆေးဝါးဖြန့်ဖြူးသည့် လက်ကြီးသည်များကို ဖမ်းဆီးအရေးးယူနိုင်ခြင်း မရှိခြင်းကြောင့် ယခု နောက်ပိုင်းတွင်မူ ထိုသို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် အခြေအနေမတွေ့ရတော့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ယင်းဒေသခံ ပြောကြားချက်အရ ရွှေကျင်းသားလုပ်ကိုင်နေသည့် လုပ်သားများမှာ အဝေးမှ လာရောက်လုပ်ကိုင်သူများ အများအပြားပါဝင်နေပြီး အိမ်ပြန်ဖို့ရန်ပင် အခကြေးငွေမရရှိသောကြောင့် အခက်အခဲ ဖြစ်နေကြသည်ကို တွေ့ရကြောင်း ပြောသည်။
“ကျင်းသားတွေ တော်တော်များများ တကယ်သနားဖို့ကောင်းတယ်၊ သူတို့ရဲ့ လုပ်အားခတွေက ဆေးဖိုး(ဘိန်းဖြူ)နဲ့ပဲ ပေးချေနေသလို ဖြစ်နေတော့ အပြန်စာရိတ်တောင် မစုမိဘဲ သောင်တင်နေတဲ့ လုပ်သားတွေ အများကြီးပဲ၊ သူတို့ကိုကျတော့ ဆေး (ဘိန်းဖြူ)ကျွေးလိုက်ရင် ဆေးအရှိန်နဲ့ အလုပ်အရမ်းလုပ်ကြတာလေ” ဟု ပြောသည်။
ရွှေတူးဖော်ရေး လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များမှာ အဝေးမှ လုပ်သားများကို ခေါ်ယူကာ အစပိုင်းတွင်သာလျှင် အခကြေးငွေ အနည်းငယ်ပေးချေပြီး မူးယစ်ဆေးဝါးကိုမူ အခမဲ့စနစ်ဖြင့် ပေးဝေကြသော်လည်း လုပ်သားများ ဆေးစွဲပြီးနောက်ပိုင်း အခကြေးငွေ မပေးတော့ဘဲ မူးယစ်ဆေးကိုသာ အခကြေးငွေအစား ပေးချေလာသည်ဖြစ်ကြောင်း အခြားဒေသခံ တစ်ဦးထံမှ သိရသည်။
ထို့ကြောင့် အဝေးမှ လာရောက်ငွေရှာသော လုပ်သားများမှာ အခကြေးငွေ မရရှိဘဲ ငွေမစုဆောင်းနိုင်သောကြောင့် ၄င်းရွှေဆိုင်းနေရာများ၌ ဆေးစွဲသူများအဖြစ် သောင်တင်နေကြသူများ ဖြစ်လာကြသည်။
ယင်းကဲ့သို့ တဟုန်ထိုး တိုးမြင့်လာသော မူးယစ်ဆေးဝါးသုံးစွဲသူများမှာ ပူတာအိုမြို့နယ်အတွင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာသည့် နောက်ပိုင်းမှစ၍ သိသိသာသာ တွေ့မြင်လာရသော်လည်း သက်ဆိုင်ရာ အစိုးရများမှ ထိရောက်သော ဖြေရှင်းမှုမျိုး လုပ်ဆောင်ခြင်း မရှိကြောင်း ဆိုသည်။
ထိုသို့ ပူတာအိုမြို့နယ်အတွင်း မူးယစ်ဆေးဝါး ပြန့်ပွားလာမှုနှင့်အတူ ဒေသခံလူငယ်လူရွယ်များ သေဆုံးမှု၊ ပျက်စီးမှုနှုန်းသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေသည်ဟု ဒေသခံ လူကြီးများ ပြောဆိုနေကြသည်။
သတင်း - မလိခူး
Comments