top of page

ပူတာအိုမြို့နယ်အတွင်း စက်သုံးဆီ လုံးဝ ပြတ်လတ်သွားပြီ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၉ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။


ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းပိတ်ပင်ထားခဲ့သည်မှာ တစ်လကျော် ကြာမြင့်လာပြီ ဖြစ်ပြီး ယနေ့ ဧပြီလ ၉ရက်နေ့မှစ၍ ပူတာအိုမြို့အတွင်း စက်သုံးဆီ လုံးဝ ပြတ်လတ်သွားပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။


"မနေ့ကအထိတော့ မနက်ပိုင်းမှာ တစ်နာရီလောက်ပဲ ဇေယျာမင်းဆီဆိုင်မှာ ရောင်းပေးနေတာဟုတ်တယ်။ တစ်ပုလင်းကို ရှစ်ထောင်နဲ့ ရောင်းပေးတယ်၊ ဒါပေမယ့် ဆိုင်ကယ်တစ်စီးမှာ တစ်ပုလင်းနှုန်းနဲ့‌ပဲ ရောင်းပေးနေတာ၊ ဒီနေ့မနက်ကနေတော့ ဆိုင်တစ်ဆိုင်မှကို မဖွင့်တော့ဘူး၊ အားလုံးပိတ်လိုက်ပြီလေ။” ဟု ပူတာအို မြို့ခံတစ်ဦးက ပြောသည်။


စက်သုံးဆီဆိုင်များမှာ ယနေ့မှစ၍ ဆီကုန်နေပြီဟုဆိုကာ ပူတာအိုမြို့ တစ်မြို့လုံးရှိ ဆီဆိုင်များအားလုံး ပိတ်ပင်ထားခဲ့လိုက်ကြောင်းနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများကြောင့် ပူတာအိုမြို့နယ်သို့ သွားမည့် ယာဉ်လမ်းကြောများလည်း ယခုအချိန်ထိ ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။


“ပူတာအိုမှာတော့ ဒီဇယ်ဆီတွေ အရင်ပြတ်သွားတာ၊ ရွှေမှော်တွေများတော့ သူတို့ပဲ၊ အများကြီးဝယ်ကြတယ်လေ။ အဲ့တော့ ဒီဇယ်ဆီက အရင်ကုန်သွားတာ၊ ဓါတ်ဆီက‌တော့ တစ်လလောက်အထိ ဆိုင်တွေမှာရသေးတယ်၊ အ‌ခုတော့ အားလုံးမှာ ပြတ်သွားပြီဆိုတော့ ဆိုင်တွေလည်း အကုန်ပိတ်ထား ကြကုန်ပြီ" ဟု အထက်ပါ မြို့ခံက ဆက်လက်ပြောပြခဲ့သည်။


ဒေသခံများ ပြောပြချက်အရ ပူတာအို-မြစ်ကြီးနားသွား ကားလမ်းပိုင်းကို ပိတ်ပင်ထားခဲ့သည့် တစ်လကျော်ကာလတစ်လျှောက် စက်သုံးဆီများကို တစ်လီတာလျှင် ၅,၀၀၀ကျပ်နှုန်းမှ ၈,၀၀၀ကျပ်နှုန်းအထိ ဆိုင်ကယ်တစ်စီးတွင် တစ်လီတာနှုန်း အကန့်အသတ်ဖြင့်သာ တောင့်ခံရောင်းချပေးနေခဲ့သော်လည်း ယနေ့မှစ၍ လုံးဝ ပြတ်လတ်သွားပြီဖြစ်သည်ဟု ဆိုသည်။


လက်ရှိ ပူတာအိုဒေသခံများမှာ လမ်းပိတ်သောကြောင့် စက်သုံးဆီအပါအဝင် အခြားကုန်စည်များလည်း မဝင်ရောက်သည့်အပြင် တောင်ယာ၊ လယ်ယာလုပ်ငန်း လုပ်ကိုင်နေထိုင်ရမည့် ရာသီဖြစ်သော်လည်း မလုပ်ဆောင်နိုင်သောကြောင့် အခက်အခဲဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။


ပူတာအိုမြို့သို့ ဆက်သွယ်အသုံးပြုသော မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းကို ပြီးခဲ့သည့် မတ်လ၇ရက်နေ့ နံနက်ပိုင်းမှစ၍ ကချင်လွတ်‌ေမြာက်ရေးတပ် (KIA)၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ပိတ်ပင်ထားခဲ့ပြီး၊ တစ်လကျော်နီးပါး ကြာမြင့်ကာ၊ နှစ်ဖက်စစ်ရေး အခြေအနေများလည်း တင်းမာနေဆဲ ဖြစ်သည်။


သတင်း- မလိခူး


2 views0 comments

Komentar


Pajau Media

Thanks for subscribing!

bottom of page