top of page

ပူတာအိုမြို့နယ်အတွင်း စက်သုံးဆီ ပြတ်လတ်လာနိုင်ဖွယ်ရှိသောကြောင့် ဒေသခံများ စိုးရိမ်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်လွတ်‌မြောက်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့၏ နှစ်ဖက်တိုက်ပွဲများကြောင့် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းများ ပိတ်ပင်ထားခဲ့ရာ လက်ရှိပူတာအိုမြို့နယ်အတွင်း စက်သုံးဆီပြတ်လတ်သည့် အခြေအနေများ ကြုံတွေ့လာရသည်ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။


"ကားဆီသွားထည့်တာ တစ်စီးကို သုံးသောင်းဖိုးပဲ ရောင်းပေးတော့တယ်၊ ပုံးနဲ့လာဝယ်ကြတဲ့ လူတွေကိုလည်း တစ်ယောက်ကို နှစ်သောင်းကျပ်ဖိုးပဲရောင်းပေးတယ်၊ ဒါတောင် ဆီဆိုင်တိုင်းမှာ မရဘူး နှစ်ဆိုင်၊ သုံးဆိုင်လောက်ပဲ ရှိတော့တယ်" ဟု ပူတာအိုမြို့ဒေသခံတစ်ဦးမှ ဆိုသည်။


ပူတာအိုမြို့တွင် လက်ရှိစက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်(၅၀၀၀)ခန့်ဖြင့် ပေးဝယ်နေကြရပြီး၊ အချို့ဆီဆိုင်ကြီးများတွင် စက်သုံးဆီများ ပြတ်လတ်ကာ၊ ပိတ်ထားရသည်ဟု ဆိုသည်။



"ပူတာအိုမှာ ဆီဆိုင်ကြီးနှစ်ခုဖြစ်တဲ့ တိုင်းကျော်နဲ့ ဇေယျာမင်း တို့လို ဆီဆိုင်ကြီးတွေမှာတောင် အကန့်အသတ်နဲ့ ရောင်းပေးနေတာ တစ်ပတ်လောက်ရှိနေပြီ၊ ဇေယျာမင်းဆီဆိုင်မှာဆိုရင် ပုံးနဲ့လာဝယ်ရင် မရောင်းပေးတော့ဘူး။ ကား၊ဆိုင်ကယ်မှာ သွားထည့်မှ နှစ်သောင်းဖိုးပဲရတော့တယ်၊ ကျန်တဲ့ဆီဆိုင်တွေ အတော်များများက ဆီပြတ်သွားကြတာများတယ်" ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် မတ်လ ၈ရက်နေ့ ညနေပိုင်းမှ စတင်၍ မြစ်ကြီးနားမှ ပူတာအိုသွား ကားလမ်းများ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်မှာ ၁၁ရက် နီးပါးရှိလာပြီဖြစ်သည့်အပြင် အရင်က ရှိပြီးသား စက်သုံးဆီများလည်း နည်းပါးလာခြင်းဖြစ်သည်ဟု ဆိုသည်။


ထို့အပြင် ပူတာအိုမြို့အတွင်း အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥများလည်း ပြတ်လတ်နေပြီး၊ တစ်မြို့လုံးနီးပါး မရနိုင်တော့ကြောင်း ထပ်မံသိရသည်။


ပူတာအိုမြို့တွင် ယမန်နေ့အထိ ကြက်ဥတစ်လုံး တစ်ထောင်ကျပ်ရှိနေသော်လည်း ယနေ့တွင် မရနိုင်တော့ကြောင်းနှင့် ရေခဲရိုက်ငါးဈေးနှုန်းသည် ၁ ပိဿာလျှင် တစ်သောင်းကျော်မှ နှစ်သောင်းကျော်အထိ မြင့်တက်ကာ အမဲသားဈေးနှုန်းသည်လည်း ၁ ပိဿာတွင် နှစ်သောင်းကျော်မှ သုံးသောင်းနီးပါးအထိ ရှိနေကြောင်း သိရသည်။


ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ် မြို့နယ်ဘက်တွင် နှစ်ဖက်တပ်ဖွဲ့တို့၏ စစ်ရေးအခြေအနေမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းသည်လည်း ဆက်လက်ပိတ်ထားဆဲဖြစ်သည့်အပြင် ပိတ်ရက်ရှည်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။


သတင်း- မလိခူး

コメント


Pajau Media

Thanks for subscribing!

bottom of page