ပါဂျောင်မီဒီယာ။
၉ရက်၊ဒီဇင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_f49944b41f08465cac4f71af69fcccb2~mv2.jpg/v1/fill/w_600,h_450,al_c,q_80,enc_auto/c187ce_f49944b41f08465cac4f71af69fcccb2~mv2.jpg)
ပူတာအိုမြို့နယ်၊လုံရှာယာန်အုပ်စုရှိ လုံရှာချောင်းဖျားဘက်သို့ ရွှေတူးဖော်ရေးစီမံကိန်းများထပ်မံရောက်ရှိလာ၍ ဒေသခံများဆူပူကန့်ကွက်မှုဖြစ်ပေါ်နေကြောင်းသိရသည်။
ယခင်၂၀၂၃ခုနှစ်တွင်လည်းရွှေတူးဖော်သည့် အဖွဲ့အစည်းများက ရွှေတူးဖော်ရန် လုံရှာချောင်းဖျားသို့ ရောက်ရှိလာသဖြင့် ဒေသခံလူကြီးများ ကန့်ကွက်ပြီးမောင်းထုတ်ခဲ့ရကြောင်းသိရှိရသည်။
ထိုသို့ လုံရှာယန်ဒေသအတွင်း ရွှေတူးဖော်နိုင်ရန် ရွှေလုပ်ငန်းအဖွဲ့အစည်းများကို စည်းရုံးပြီး ရွှေတူးဖော်နိုင်ရန် ကူညီ ဆောင်ရွက်ပေးနေသူမှာ လုံရှာယာန်အုပ်စုမှဒေသခံ အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်အားချာဆဲ ဆိုသူဖြစ်ကြောင်း၊ ယခင်နှစ်များကတည်းကပင်အကြိမ်ကြိမ်သတိပေးကန့်ကွက်သည့်ကြားမှနည်းမျိုးစုံဖြင့် လုပ်ဆောင်နိုင်ရန်ကြိုးစားနေသူဖြစ်ကြောင်း လုံရှာယာန်ကျေးရွာမှလူကြီးတစ်ဦးမှဆိုသည်။
![](https://static.wixstatic.com/media/c187ce_2ec41b6d02eb411e8ef29b04714eae65~mv2.jpg/v1/fill/w_750,h_698,al_c,q_85,enc_auto/c187ce_2ec41b6d02eb411e8ef29b04714eae65~mv2.jpg)
"မနှစ်ကဒီအချိန်မှာပဲသူတို့အဖွဲ့ကို တစ်ကြိမ်မောင်းထုတ်ပြီးပြီ၊ဒီနှစ်ပြန်လုပ်ဖို့ကြိုးစားလာတယ်၊ ဒီနှစ်ကကျတော့လုပ်ငန်းရှင်တွေ ပိုတောင်များလာတယ်လို့သုံးသပ်ရတယ်။ စက်ယန္တရားကြီးတွေ အစုအပြုံနဲ့တန်ဂျာချောင်းအထက်၊ခက်ခဘက်ကနေ လုံရှာချောင်းဖျားဘက်ကိုဝင်နေတာ၊ဒေါ်အားချာဆဲ ကဦးဆောင်ပြီးစစ်တပ်နဲ့ကေအိုင်အေနှစ်ဖက်ခွင့်ပြုချက်ရထားတယ့်လို့လိမ်ပြောပြီး လုပ်ဖို့ကြိုးစားနေတာလေ၊ အုပ်စုလူကြီးတွေ ကေအိုင်အေ ကအထက်လူကြီးတွေဆီ သွားမေးကြည့်တော့ ဘာခွင့်ပြုချက်မှပေးမထားဘူးလို့ ပြောလာတယ်၊အဲ့ဒါကြောင့် ရွာကလူတွေ လူအုပ်ကြီးနဲ့တက်ပြီးတော့ကန့်ကွက်တာတွေလုပ်နေတယ်" ဟုရွာလူကြီးတစ်ဦးကဆိုသည်။
လုံရှာယာန်ကျေးရွာအုပ်စုအတွင်းလူဦးရေ(၅၀၀၀)ကျော်မှီတင်းနေထိုင်ကြ၍အဓိကအားဖြင့်၎င်းတို့သည် လုံရှာချောင်းတစ်ခုကိုသာမှီခိုကာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ သောက်သုံးရေ၊ ရေကန်အသုံးပြုမှု၊ ရေအားလျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းအားလုံးကို လုံရှာချောင်းကိုသာအသုံးပြုလုပ်ဆောင်နေကြရကြောင်းဆိုသည်။ ယခုကဲ့သို့ ရေအရင်းအမြစ်ဖြစ်သည့် ချောင်းဖျားပိုင်းတွင် ရွှေတူးဖော်လိုက်ပါက ချောင်းရေခမ်းချောက်မှုဖြစ်လာပြီး ဒေသခံပြည်သူများဒုက္ခရောက်ကြကုန်မည်ဖြစ်၍ယခုကဲ့သို့တင်းကြပ်စွာ ကာကွယ်တားမြစ်ကြရသည်ဖြစ်ကြောင်းဆိုသည်။
ယခုကဲ့သို့ ရွှေတူးဖော်ရေး စီမံကိန်းကြီးဖော်ဆောင်ရန်ကြိုးစားနေသည့်အမျိုးသမီး ဒေါ်အားချာဆဲ ဆိုသူအားသတိပေးတားမြစ်ခဲ့ရသည်မှာ သုံးကြိမ်ထက်မနည်းရှိလာသော်လည်းနည်းအမျိုးမျိုးဖြင့်ကြိုးစားနေကြောင်း၊မြို့နယ်အုပ်ချုပ်ရေး အဖွဲအစည်းဖက်မှလည်းတရားဉပဒေနှင့်အညီထိရောက်စွာအရေးယူပေးစေချင်ကြောင်း ဒေသခံများကပြောသည်။
သတင်း- မလိခူး
Comments