ပါဂျောင်မီဒီယာ
၂ရက်၊မေလ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့မှ လယ်သမားများကို စစ်ကောင်စီမှ စက်သုံးဆီအား ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည့်အကြောင်း ပြီးခဲ့သည့် ဧပြီလ ၃၀ရက်နေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန်မှ ပြောကြားခဲ့ကြောင်း သိရသည်။
"ဒီတစ်ပတ်ထဲမှာ ဆီပေပါ(၁၀၀၀)ကို ရောင်းချပေးမယ်လို့ပြောတယ်၊ လေယာဉ်နဲ့သယ်မယ်လို့ ပြောသွားတယ်။ မနေ့က YX စစ်တပ်လေယာဉ်ကြီး တစ်ခေါက်လာတယ်၊ ဒီမနက်ပိုင်းမှာလည်း တစ်ခေါက်လာသွားတယ်။” ဟု လေယာဉ်ကွင်းရပ်ကွက်မှ လယ်သမားတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်သည် ဧပြီလ ၃၀ရက်နေ့တွင် ပူတာအိုမြို့သို့ ရောက်ရှိလာပြီး၊ လက်ရှိ လယ်သမားများ ခက်ခဲနေသည့် စက်သုံးဆီရှားပါးမှုကို ဖြေရှင်းရန် စက်သုံးဆီများကို လေယာဉ်ဖြင့် တင်ပို့ကာ လယ်သမားများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်၏ ပြောဆိုမှုတွင် လယ်သမားများကို လယ်ဧက(ပြေစာအလိုက်) ရောင်းချပေးသွားမည်ဖြစ်သောကြောင့် ဒေသခံများမှာ ယနေ့နံနက်မှစ၍ အုပ်ချုပ်ရေးးရုံးသို့ ပြေစာလာလုပ်သူ တန်းစီနေကြသည်ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
“ဘယ်ဈေးနဲ့ရောင်းပေးမယ်ဆိုတာတော့ အတိအကျမသိရသေးဘူး၊ လယ်ပြေစာအတိုင်း ရပ်ကွက်၊ အုပ်စုအုပ်ချုပ်ရေးမှူးတွေဆီမှာ စာရင်းတင်ပြီးမှ ရောင်းပေးမယ်ဆိုလို့ ဒီနေ့ကနေအုပ်ချုပ်ရေးမှူးဆီ သွားပြီးတော့ ပြေစာထပ်ထားတယ်၊ မြို့တွင်းရပ်ကွက်တွေ အုပ်ချုပ်ရေးမှူးရုံးမှာ အများကြီးပဲ တိုးနေကြတာ။ ဆီတော့မချပေးသေးဘူး"
သို့သော် ပူတာအိုမြို့ ဒေသခံများဖြစ်သည့် လယ်သမားများမှာ တာဝန်ရှိသူများ စက်သုံးဆီဖြန့်ဝေပေးရန် ပြောဆိုထားသော်လည်း ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန်မှာ မလွယ်ကူကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောလာသည်။
"ပူတာအိုတစ်ခရိုင်လုံးမှာရှိတဲ့ လယ်သမားတွေအားလုံးဆီ ရောက်အောင် ဖြန့်ပေးနိုင်ဖို့ဆိုတာ လေကြောင်းတစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ဘူး၊ သူတို့နိုင်ငံရေးကစားချင်လို့ လုပ်နေတာလို့ပဲမြင်တယ်။ အဓိက လယ်လုပ်ငန်းလုပ်ကြတာ ကျေးလက်ဖက်တွေမှာပဲလေ။ ဒီရက်ပိုင်းအတွင်း မြို့တွင်းမှာတောင် အကောင်အထည် မဖော်နိုင်သေးတာ ရွာတွေဘက်ရောက်ဖို့ဆိုတာ မလွယ်ဘူး။” ဟု ပြောသည်။
လက်ရှိ ပူတာအိုမြို့တွင် စက်သုံးဆီ တစ်ဂါလံလျှင် တစ်သိန်းနီးပါးအထိ မြင့်တက်နေသည့်အပြင် စက်သုံးဆီများ ရှားပါးလာသောကြောင့် လယ်သမားများမှာ လယ်ယာလုပ်ငန်းခွင်ဝင်ရန် ခက်ခဲနေကြခြင်း ဖြစ်သည်။
မြစ်ကြီးနား-ပူတာအိုကားလမ်းသည် စစ်ပွဲကြောင့် ပိတ်ပင်ထားခဲ့သည်မှာ နှစ်လအထိ ကြာမြင့်လာပြီးနောက် ဒေသခံပြည်သူများမှာ လယ်ယာလုပ်ငန်းခွင်ဝင်ရန် စက်သုံးဆီ ပျက်လပ်နေမှု၊ ကုန်ပစ္စည်းရှားပါးလာမှုနှင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုများကြောင့် ခက်ခဲနေကြရကြောင်း ပူတာအိုဒေသခံများ ပြောပြချက်အရ သိရသည်။
သတင်း- မလိခူး
Commentaires