top of page

ပူတာအိုမြို့နယ် နေရာအနှံ့ ရွှေအလွန်အကျွံ တူးဖော်လာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ



ပူတာအိုမြို့နယ်အတွင်း စက်ယန္ဒယားကြီးများနှင့် ရွှေအလွန်အကျွံတူးဖော်လာမှုကြောင့် နောင်၅နှစ်အတွင်း မြစ်လက်တက်များ၊ တောတောင်များ ပြုန်းတီးလာနိုင်ချေရှိသည်ဟုဆိုကာ ဒေသခံများ အဖက်ဖက်မှ စိုးရိမ်ပူပန်နေကြရသည်ဟု ပြော သည်။


ကိုဗစ်-၁၉ ကာလအလွန် နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာပြီးနောက် ရွှေလုပ်ငန်းရှင်များ တစ်စထက်တစ်စ များပြားလာကာ ယခုအချိန်၌ မလိခမြစ်ရိုးတစ်လျှောက်နှင့် မြစ်ချောင်း၊အင်းအိုင်များတွင် ရွှေတူးဖော်သည့် လုပ်ငန်းများ ပြည့်ကြပ်နေပြီ ဖြစ် သည်။


“မလိခမြစ်တစ်လျှောက် ဘက်ဟိုးစက်တွေနဲ့ပဲ ပြည့်နေပြီ။ ထီခချောင်း တစ်လျှောက်လည်း တစ်နှစ်အတွင်းမှာ အပြောင်ရှင်းလိုက်တယ်။ အခုဆိုဘာမှ မရှိတော့ဘူး” ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။


မလိခမြစ်ရိုးတစ်လျှောက်နှင့် မြစ်ချောင်း၊ အင်းအိုင်များတွင် ရွှေတူးဖော်သည့်လုပ်ငန်း လုပ်ကိုင်သူများမှာ စက်ယန္ဒယားကြီးများ၊ ဘက်ဟိုးများနှင့် လုပ်ငန်းလည်ပတ်နေကြပြီး၊ ပူတာအိုမြို့နယ်အတွင်း ရွှေတူးဖော်သည့် ရွှေဖောင်ကြီး ၅၀ထက်မနည်း ရှိနေကြောင်း ဆိုသည်။




ရွှေတူးဖော်မှု အလွန်အကျွံလုပ်ကိုင်နေသော နေရာများမှာ မလိခမြစ်၏ အရှေ့ဘက်၌ ခရန်ချောင်း (Hkrang hka)၊ဂျာထီချောင်း(Jahti Hka)၊ ဂျိန်မာချောင်း(Jingma Hka)၊ ရှနိန်ချောင်း(Shaning Hka)၊ အင်ထန်ချောင်း (Nhtan Hka)နှင့် မလိခမြစ်၏ အနောက်ဘက်၌ ဖုန်အင်ချေင်း(Hpung Ing Hka)၊ ဖုန်ကျန်ချောင်း(Hpung Chyan Hka)၊ ဇနန်းချောင်း(Zanan Hka)၊ အင်ဘူချောင်း(Nbu Hka)၊လိုင်လွမ့်ချောင်း(lai Lum Hka) စသည့် မြစ်ချောင်းနေရာများတွင် တူးဖော်လုပ်ကိုင်နေကြသည်ဟု ဒေသခံများ ပြောသည်။


ယင်း မြစ်ချောင်းများနှင့် မလိခမြစ်ရိုးတစ်လျှောက်တွင် စက်ယန္ဒရားကြီးများဖြင့် ရွှေအလွန်အကျွံတူးဖော်မှုများ သာမန်ထက် ပိုမိုလုပ်ဆောင်လာခြင်းကြောင့် ရေလမ်းကြောင်းပျက်စီးခြင်း၊ ရွှံ့ရေအဖြစ် ပြောင်းလဲစီးဆင်းခြင်းနှင့် တောတောင်ရေမြေ သဘာဝများ ပျက်စီးပြုန်းတီးလာခြင်းတို့ကြောင့် တောင်ပေါ်နေဒေသခံများ ရေအသုံးပြုရန်ပင် အခက်အခဲ ဖြစ်လာသည်ဟု ဆိုသည်။


၂၀၂၂ခုနှစ် ဧပြီလကုန် နောင်းပိုင်းမှစ၍ ပူတာအိုမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် အာဏာရ စစ်အစိုးရတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်နေသည့် အခြေအနေရှိသောကြောင့် ရွှေလုပ်ငန်းရှင်ကြီးများ၊ ရွှေလုပ်ငန်းတိုးချဲ့လုပ်ကိုင်လာသည်မှာ တစ်ရက်ပြီးတစ်ရက် သိသိသာသာ ပိုမိုများပြားလာကြောင်း ဒေသခံများ ပြောပြချက်အရ သိသည်။


သတင်း- မလိခူး



Comments


Pajau Media

Thanks for subscribing!

bottom of page