ပါဂျောင်မီဒီယာ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ နေရာများတွင် ယခုနှစ် နှစ်ဆန်းမှစပြီး ဦးတန်ဂူးတန် ဦးဆောင်သည့် ဌာနေပြည်သူ့စစ် တပ်ဖွဲ့များသည် တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဟုဆိုကာ ရဝမ်လူမျိုး အမျိုးသားများအား ပစ်မှတ်ထား လိုက်လံစည်းရုံးနေကြသည်ဟု ပူတာအို ဒေသခံများထံမှ သိရသည်။
"ဌာနေပြည်သူ့စစ် အဖွဲ့က လူကြီးတချို့ ကျေးရွာခန်းမမှာ လူစုပြီးတော့ ဟောတယ်ပြောတယ်၊ အရင်က စစ်မှုထမ်းဟောင်းတွေနဲ့ ဒေသခံပြည်သူတွေ တစ်အိမ်တစ်ယောက် စစ်မှုထမ်းရတော့မယ်၊ ကိုယ့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတော့မယ်ဆိုတော့ ကိုယ့်ဒေသကို ကိုယ်တိုင်ကာကွယ် အုပ်ချုပ်ဖို့ လူလိုနေပြီလို့ စည်းရုံးကြတယ်" ဟု ဇီးအွန်ကျေးရွာနေ ပြည်သူတစ်ဦးမှ ပြောသည်။
ပြည်သူ့စစ် တပ်ဖွဲ့များမှာ ပူတာအိုမြို့နယ်၊ အထက်ဆန်ဂေါင်ကျေးရွာ၊ဒုထ္တန်ရပ်ကွက်၊မူလာရှီးဒီးကျေးရွာနှင့် ဇီးအွန်အုပ်စု ရပ်ကွက်များတွင် တပ်သားသစ် စုဆောင်းရန် နှစ်ဆန်းပိုင်းမှစ၍ စည်းရုံးရေး စတင်ဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။
နောက်ထပ်ဒေသခံတစ်ဦးမှလည်း "အရင်က နာမည်စာရင်းပေးထားတဲ့ သူတွေအကုန်လုံးလည်း မဖြစ်မနေ စစ်မှုထမ်းရမယ် ဆိုပြီးတော့ အတင်းအကြပ်ခေါ်နေတယ်၊ စစ်သင်တန်းကို လာမယ့် ဖေဖော်ဝါရီ လဆန်းပိုင်းကနေ စတော့မယ်ဆိုပြီး သတင်းတွေ ကြားနေရတယ်" ဟု ထပ်မံပြောဆိုထားသည်။
ထို့အပြင် နှစ်ဆန်းပိုင်းမှ စုဆောင်းရမိထားသူများကို ဖေဖော်ဝါရီလမှစ၍ စစ်သင်တန်း ပေးသွားမည်ဖြစ်ကြောင်း နှင့် ယနေ့အချိန်အထိ ဆက်လက်စုဆောင်း စည်းရုံးနေကြကြောင်း သိရသည်။
ဒေသခံများမှာ စကစ၏ လက်အောက်ခံဖြစ်သည့် ပြည်သူ့စစ် တပ်ဖွဲ့ဖြစ်ခြင်းကြောင့် သော်လည်းကောင်း၊ ဒေသခံများအား ကိုယ်စားမပြုသောကြောင့် တစ်အိမ်တစ်ယောက် ပြည်သူ့စစ် စစ်မှုထမ်းရန်မှာ လက်မခံနိုင်ကြကြောင်း ပြောဆိုနေကြသည်။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဌာနေပြည်သူ့စစ်အဖွဲ့အား ပြည်သူ့ရင်ခွင်ထံ အမြန်ဆုံးပူးပေါင်းရန် ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ခါကာဘိုအဖွဲ့များဘက်မှလည်း သတိပေးစာများဖြင့် အကြိမ်ကြိမ် ကမ်းလှမ်းထားခဲ့ပြီးဖြစ်သော်လည်း ယခုကဲသို့ ဆက်လက်လုပ်ဆောင်နေကြကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ယခင်နှစ် ဒီဇင်ဘာလအတွင်း၌ ပူတာအို ပြည်သူ့စစ်တပ်ဖွဲ့နှင့် စကစပူးပေါင်းတပ်ဖွဲ့များ စခန်းချနေထိုင်သည့် အင်ခါဂါးကျေးရွာ တပ်စခန်း စွန့်ခွာခဲ့ရသည့်အပြင် ခရန်ထီဒမ်း စခန်းကိုလည်း KIA/KPDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
သတင်း- မလိခူး
Comments