ပါဂျောင်မီဒီယာ။
၂၈ရက်၊ဇန္နဝါရီ၊၂၀၂၅။
![](https://static.wixstatic.com/media/c187ce_b99bfd727127426b906317e090d80cd5~mv2.jpg/v1/fill/w_843,h_424,al_c,q_80,enc_auto/c187ce_b99bfd727127426b906317e090d80cd5~mv2.jpg)
ပူတာအို-မြစ်ကြီးနားကားလမ်းတစ်ကြောတွင် နှစ်ဖက်တိုက်ပွဲမရှိသဖြင့် သွားလာနေနိုင်သော်လည်း လမ်းကြောတစ်လျှောက် စစ်ကောင်စီနှင့်တော်လှန်ရေးအဖွဲ့များ၏ ဂိတ်ပေါင်းများစွာ ဖြတ်ကျော်နေရသည်ဖြစ်၍ အခက်ခဲများစွာရှိနေကြောင်း သိရှိရသည်။
ခရီးသွားများပြောဆိုချက်အရ ခရီးသွားပြည်သူများအား တင်းကြပ်စွာ စစ်ဆေးခြင်း၊ လမ်းခုလပ်မှ လှည့်ပြန်ခိုင်းခြင်းနှင့် အဆိုးဆုံး ရိုက်နှက်စစ်ဆေးမှုများအထိ ရံဖန်ရံခါ ပြုလုပ်တတ်ကြောင်း သိရသည်။
"ခရီးသည်တွေကို တစ်ခါမြစ်ကြီးနားခရီး တင်သွားရတာလည်း မလွယ်ပါဘူး၊ ပူတာအိုမြို့ ဗျူဟာကနေ ထောက်ခံစာ ယူသွားပေးရတယ်၊ အဲ့ဒါမပါဘူးဆိုရင် ဆွမ်ပီယာန်ဂိတ်ကနေ လှည့်ပြန်ခိုင်းတာတွေလည်း အများကြီးပဲ။ ရွာတိုင်းလိုလို ဂိတ်တွေရှိနေတယ်။ တစ်ခါတလေ မတော်တဆ ဂိတ်ကလူတွေ မူးနေတဲ့အချိန်ဖြတ်ရပြီဆိုရင် အရမ်းကိုရစ်ခံရတာ။ ဆွမ်ပီယာန်ဂိတ်နဲ့ မူလာရှီးဒီးဂိတ်က တော်တော်ဆိုးဆိုးဝါးဝါးပဲ။” ဟု ကားသမားတစ်ဦးက ပြောသည်။
![](https://static.wixstatic.com/media/c187ce_6f5099eae72a452d8d057ec3af293e74~mv2.jpg/v1/fill/w_980,h_625,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_6f5099eae72a452d8d057ec3af293e74~mv2.jpg)
ယခင်က အဆိုပါလမ်းတစ်လျှောက်တွင် ဂိတ် ၃-၄ ဂိတ်သာ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဂိတ်ပေါင်း(၂၀)နီးပါးအထိ ရှိနေပြီဖြစ်ကြောင်းနှင့် ဂိတ်ပေါင်းများစွာ ဖြတ်ကျော်သွားလာရသည့် အခြေအနေကြောင့် ကုန်းလမ်းဖြင့် ခရီးသွားလာသူများလည်း အလွန်နည်းပါးလာကြောင်း ကားသမားတစ်ဦးက ပြောသည်။
“ခရီးသည်တွေကို ရိုက်နှက်တာတွေ ခနခနလုပ်ကြတယ်။ ရစ်နည်းမျိုးစုံနဲ့ကိုရစ်တာ။ မြစ်ကြီးနားကနေ အတက်ဆိုရင်လည်း ဂိတ်ကြေးကြီးပဲ ဆယ်သိန်းကျော်ကုန်တယ်ဗျ။ ဒါတောင်ကားသေးတွေပဲ ရှိသေးတာနော်၊ ဂိတ်ကြေးတွေ မတရားတောင်းကြတယ်ဗျာ။ အဲ့ဒါကြောင့်ပဲ ပူတာအိုမှာ ကုန်ဈေးနှုန်းက အရမ်းမြင့်တက်နေတာ" ဟု အထက်ပါကားသမားက ဆက်ပြောသည်။
လက်ရှိအချိန်တွင် ပူတာအို-မြစ်ကြီးနားကားလမ်းအတိုင်း သွားလာသည့် ခရီးသွားပြည်သူများ နည်းပါးသွားပြီး လေကြောင်းလှိုင်းဖြင့် သွားလာသူများပြားနေမှုကြောင့် ပူတာအို-မြစ်ကြီးနား လေယာဉ်လက်မှတ် တစ်စောင်လျှင် လေးသိန်းကျပ်ဝန်းကျင်ရှိနေကြောင်း၊ ကားလက်မှတ်တစ်စောင်လျှင် နှစ်သိန်းကျော်ထိ မြင့်တက်နေပြီဖြစ်ကြောင်း သိရှိရသည်။
သတင်း- မလိခူး
Comments