top of page

ပူတာအိုမှာ ငိုနေကြတယ်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၉၊ ၇၊ ၂၀၂၄



ပူတာအိုမြို့နယ်တွင် စားသောက်ကုန်များ ပြတ်လပ်သည်မှာ ယခုဆိုလျှင် ၅ လနီးပါးခန့် ကြာမြင့်နေသည်ဖြစ်သည်။ စစ်ရေးအရှိန်မြင့်တက်လာခဲ့မှုကြောင့် မြစ်ကြီးနား - ပူတာအို ကားလမ်းကို မတ်လ ၀န်းကျင်မှ စ၍ ကုန်စည်ဖြတ်သန်းခွင့်နှင့် လူစီးကားဖြတ်သန်းခွင့် များ ပိတ်ထားခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော ဇွန်လ ၈ ရက်၀န်းကျင်ခန့်တွင် ပူတာအိုသို့ ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ အကူအညီနှင့် ကုန်ကားများ ၁၆ စီးခန့် သွားခွင့်ရခဲ့ပြီး အခြေခံစားသောက်ကုန် စျေးနှုန်းများ လျော့ကျလာခဲ့သော်လည်း ဇွန်လအကုန်တွင် ရေကြီးမှု တစ်ဖန်ဖြစ်ပွါးလာခဲ့သည်။


၄င်းရေကြီးမှုကြောင့် မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်းဖူး လမ်းတစ်လျှောက်လုံး ပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနား-ပူတာအို လမ်းပိုင်းအများစုတွင် ကုန်ပစ္စည်းသယ်လာတဲ့ကား အစီး ငါးဆယ်ထက်မနည်း ရှေ့ဆက်သွားလို့မရတော့ဘဲ ပိတ်မိနေကြပါသည်။ လမ်းပျက်စီးမှုပမာဏ ကြီးမားသောကြောင့် ရွာဒေသခံများမှ တစ်ပိုင်တစ်နိုင်ပြန်ပြင်နိုင်ခြင်းမလုပ်နိုင်တော့ပေ။


“ဒီလမ်းနေရာ ပျက်စီးသွားတာက အရမ်းဆိုးတယ်ဗျ။ သာမန်ကျွန်တော်တို့ ဝိုင်းကူလုပ်နိုင်တာမရှိဘူး။ မြေသားတွေက အကုန်ပြိုကျလာတာမို့လို့။ ဖုန်းတွေလည်း အဆက်အသွယ်မရတော့ ဘယ်နားတွေမှာ ကားတွေပိတ်မိနေလဲဆို တိတိကျကျပြောရဖို့ ခက်တယ်။ မနေ့ကပဲ ကားသမား ၆ ယောက် သူတို့ကုန်ကားတွေထားခဲ့ပြီး လမ်းလျှောက်လာကြလို့ .. စားစရာလည်း ပြတ်ကုန်ပြီ .. ရှေ့ဆက်လို့လည်း မရသေးဘူး ဆိုပြီး အခု ခေါ်ထားရတယ်”။ လို့ ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာကို ဆက်သွယ်ပြောပြလာပါသည်။ ကုန်စည် စီးဆင်းမှု ခက်ခဲသွားခြင်းကြောင့် ပူတာအိုမြို့နှင့် အထက်ဖက်ဒေသများမှ ရွာများ မြို့များ တွင် အခြေခံစားသောက်ကုန် ပိုမိုခက်ခဲလာကြောင်း သိရှိရသည်။


ယခုချိန် ရေကြီးမှုမရှိတော့ပဲ ရေကြီးမှုကြောင့် ပြတ်တောက်သွားသည့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ပူတာအိုမြို့တွင် ဓာတ်ဆီတစ်လီတာကို ကျပ်နှစ်သောင်းခွဲ၀န်းကျင်ခန့်၊ ကြက်ဥတစ်လုံး တစ်ထောင်ကျပ်နှင့် ဆန် တစ်အိတ်ကို ကျပ်နှစ်သိန်းခွဲအထိ ဈေးရှိနေပြီး လိုသလောက်ဝယ်လို့မရနိုင်ကြောင်း ဒေသခံများမှ ပြောကြားလာပါသည်။ ထို့နည်းတူ ဆေး၀ါးများလည်း ပြတ်လပ်နေပီး ပါရာစီတမော့ ၅၀၀ ဂရမ် ၁၀ လုံး တစ်ကဒ်ကို ၆၀၀၀ ကျပ်နီးပါးပေး၀ယ်နေရပြီး အသက်ကြီးရွယ်အိုများအတွက် အခြားသောလိုအပ်သည့် ဆေး၀ါးများ ဝယ်ယူရန် ပြတ်လပ်နေသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page