ပါဂျောင်မီဒီယာ။
၁၀ရက်၊အောက်တိုဘာ၊၂၀၂၄။

လက်ရှိအချိန်ကချင်ပြည်နယ် ပြည်သူ့စစ်အုပ်ချုပ်နယ်မြေများတွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် ပူတာအိုဒေသအခြေစိုက် ဌာနေပြည်သူ့စစ်ခေါင်းဆောင် တန်ဂူးတန်မှလည်း မိမိအုပ်ချုပ်သည့်ဒေသလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် လန်ဆယ်ဌာနေအဖွဲ့ထံသို့ ညွှန်ကြားသည့်စာကို အောက်တိုဘာလဆန်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
ထုတ်ပြန်စာတွင် “လန်ဆယ်ဌာနေအဖွဲ့သည် နိုင်ငံတော်အစိုးရနှင့်လိုအပ်လျှင်လိုအပ်သလို ပူးပေါင်း၍ ဒေသလုံခြုံရေးအတွက်အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိသောအဖွဲ့ဖြစ်သည်။ လက်ရှိအချိန်တွင် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့၊ ချီဖွေခရိုင် ချီဖွေမြို့နှင့်ဆော်လော်မြို့တို့ကိုအကြမ်းဖက်အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သောကြောင့် ဒေသအတွင်းနေထိုင်သောပြည်သူလူထုများ အလွန် ဆင်းရဲဒုက္ခ ရောက်နေရကြောင်းတွေ့ရသည်" ဟုဖော်ပြထားသည်။
သို့ဖြစ်၍ဒေသလုံခြုံရေးကိုအလေးထား ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြား လာသည်ဟုသိရသည်။ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊ လန်ဆယ်ဒေသသည် တန်ဂူးတန် ဌာနေပြည်သူ့စစ် အခြေချ လုပ်ရှားသည့် ဒေသများဖြစ်သည်။ လက်ရှိကချင်အထူးဒေသ (၁) တွင်လည်း တိုက်ပွဲများပြင်းထန်နေသည့်အတွက် ပူတာအို ပြည်သူ့စစ်အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နိုင်ရန် ညွှန်ကြားလာခြင်းဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။
ကချင်ပြည်နယ်အတွင်း KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန် ဖြစ်ပြီး ပူတာအိုခရိုင် ဆွမ်ပရာဘွမ် ပြန်လည်ရရှိရေး စစ်ကောင်စီနှင့်ပြည်သူ့စစ်အပေါင်းအပါများက ဆွမ်ပရာဘွမ် ဒေသအတွင်း စစ်အင်အားဖြည့်တင်းပြီးစစ်ရေးလှုပ်ရှားမှုများရှိနေပြီး ပူတာအိုဒေသအတွင်း မကြာမှီတိုက်ပွဲများဖြစ်လာနိုင်သည်ဟု ဒေသခံအချို့၏ သုံးသပ်ချက်များအရသိရသည်။
Comments