top of page
Writer's picturePajau Media

ပူတာအိုဒေသသို့ ကုန်ပစ္စည်းများဝင်ရောက်နေပြီဖြစ်ပေမယ့် ဈေးနှုန်းများ မကျဆင်းသေး

ပါဂျောင်မီဒီယာ။

၁၁၊ ၉၊ ၂၀၂၄။



ကချင်ပြည်နယ်၊ ပူတာအိုဒေသသို့ ကားလမ်းပေါက်ပြီး ကုန်ကားအသေးများ ဝင်ရောက်နေပြီဖြစ်ပေမယ့် လူသုံးကုန်နှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကျဆင်းခြင်းမရှိပဲ ယခင်ဈေးနှုန်းအတိုင်း ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။


ပူတာအိုမြို့သို့ ကားအသေးများ နေ့စဉ်ဝင်ရောက်နေပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်ကြောင်းကို ဒေသခံတစ်ဦးက ယခုလိုပြောလာသည်။


"ကားကလေးတွေတော့ နေ့တိုင်ပဲတောက်လျှောက်ဝင်နေပြီ။ ဒါပေမယ့် ကုန်ဈေးနှုန်းတွေက ကျသွားတာမရှိသေးဘူး၊ ဓါတ်ဆီနဲ့ဒီဇယ်ဈေးတော့ ကျတယ်လို့ ပြောလို့ရတယ်။ ကျန်တာတွေက ပုံမှန်အတိုင်းပဲ။ အခုကားအသေးတွေ ဝင်လာတဲ့နောက်ပိုင်းမှာ ဓါတ်ဆီတစ်လီတာကို တစ်သောင်းခွဲအထိတော့ ဈေးကျသွားပြီ။ အရင်ကတော့ လေးသောင်းခွဲအထိ ပေးဝယ်ရတာလေ၊ ဒီဇယ်တွေလည်း ဓါတ်ဆီဈေးနဲ့ အတူတူလောက်ပါပဲ။ တစ်ပေပါဈေးဆိုရင် သိန်းသုံးဆယ်နီးနီးရှိနေတာကိုး။ ဆန်၊ဆီ၊ဆား၊စားသောက်ကုန်တွေ အခြားကုန်ဈေးနှုန်တွေကတော့ မကျဘူး။ ဆန်တစ်အိတ်ကို ကျပ်နှစ်သိန်းခွဲအနည်းဆုံးပေးရတယ်၊ ကြက်ဥဆိုရင်လည်း သုံးလုံးကို ငါးထောင်ကျပ်ကနေမကျဘူး"


မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းမှာ ရာသီဥတုဆိုးရွားမှုကြောင့် ပျက်စီးခဲ့ပြီး သုံးလခန့်ကြာ ပိတ်ပင်ထားခဲ့ရာ စက်တင်ဘာလဆန်းပိုင်းတွင် ကားအသေးများ စတင်ဝင်ရောက်ခဲ့သည်။


ထို့အပြင် ပူတာအိုဒေသသို့ ကုန်ပစ္စည်းဝင်ရောက်မှု ရှိနေပေမယ့် ကုန်ဈေးနှုန်း သိသိသာသာ မကျဆင်းနိုင်ခြင်းမှာ လမ်းခရီးတစ်လျှောက် ဂိတ်ကြေးများကို ပုံမှန်ထက်ပေးဆောင်ရခြင်း၊ လမ်းခရီးခက်ခဲခြင်းနှင့် မြစ်ကြီးနားမြို့တွင်း ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။


လက်ရှိအချိန်အထိ ပူတာအို-မြစ်ကြီးနားလမ်းပိုင်းရှိ ပျက်စီးနေသည့် တံတားများကို ကောင်းမွန်စွာ ပြုပြင်နိုင်ခြင်းမရှိသေးသောကြောင့် ကုန်ကားကြီးများ သွားလာနိုင်ခြင်းမရှိသေးကြောင်းနှင့် အချို့စားသောက်ကုန်များကို လေကြောင်းလိုင်းဖြင့် သယ်ယူနေရဆဲ ဖြစ်ကြောင်း သိရသည်။


သတင်း- မလိခူး


Comments


bottom of page