top of page

ပူတာအိုဒေသတွင် ရွှေမှော်များ ပြန်လည်ဖွင့်လှစ်လာပြီးနောက် စက်သုံးဆီဈေးတစ်ဖန်ပြန်မြင့်တက်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၉ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။



မြစ်ကြီးနား-ပူတာအိုကားလမ်း စတင်ဖွင့်လှစ်လိုက်သည်နှင့် တစ်ပြိုင်နက် သုံးလကျော်ရပ်ဆိုင်းထားသည့် ရွှေမှော်များအားလုံး ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ပူတာအိုဒေသတွင် စက်သုံးဆီဈေးနှုန်း တစ်ဖန်မြင့်တက်လာနေကြောင်း ပူတာအိုဒေသခံများ ပြောပြချက်အရ သိရသည်။


“ဒီနေ့ထဲမှာပဲ ဓါတ်ဆီတစ်လီတာကို‌ အပြင်မှာ ကျပ်လေးသောင်းခွဲနဲ့ ရောင်းနေကြပြီ၊ ဆီဆိုင်ကြီးတွေအားလုံးလည်း ပိတ်ထားလိုက်ပြန်ပြီ၊ ဆီကုန်သွားလို့တဲ့။ လမ်းမှာတက်လာတဲ့ကုန်ကား၊ ဆီဘောက်ဆာတွေအားလုံး ပိတ်မိသွားလိုလေ။ အခုက ဒီလိုချက်ချင်းကြီး ဆီဈေးပြန်တက်တယ်ဆိုတာ ရွှေမှော်တွေကြောင့် ဟုတ်တယ်၊ သူတို့က ဝင်လာသမျှဆီတွေကို လေလံယူလိုက်တာလေ” ဟု ပူတာအိုမြို့ခံ စက်သုံးဆီအရောင်း ကိုယ်စားလှယ်တစ်ဦးကပြောသည်။


လက်ရှိမှာ ပူတာအိုဒေသအတွင်း စက်သုံးဆီတစ်လီတာ ကျပ်လေးသောင်းခွဲနှင့် ရောင်းချနေကြပြီး၊ ဆီဆိုင်ကြီးများလည်း ပိတ်ထားကြသည့်အပြင် ပူတာအိုမြို့သို့ ခက်ခက်ခဲခဲ ရောက်ရှိလာသည့် ဆီများကို ရွှေမှော်မှ လေလံယူလိုက်ခြင်းကြောင့် စက်သုံးဆီမလောက်ငှပဲ ခက်ခဲနေဆဲ ဖြစ်သည်။


“ဆွမ်ဘရာဘွမ်အထိ ရောက်ထားတဲ့ကားတွေတော့ ထွက်ခဲ့ပြီဟုတ်တယ်၊ ဆီကားလည်းခြောက်စီးပါတယ်။ ဒါပေမယ့်မြိုထဲကိုတောင် ဆီမချပေးတော့ဘူး ရွှေမှော်ဆီတန်းချပေးသွားတာ။ အခုက မြိုထဲမှာ ဆီတအားပြန်ရှားသွားပြီ"ဟု အထက်ပါဒေသခံက ဆက်ပြောသည်။


ထို့အပြင် သည်းထန်စွာရွာသွန်းသော မိုးများကြောင့် ပူတာအို-မြစ်ကြီးနားလမ်းပိုင်းတွင် ပျက်စီးမှုများရှိခဲ့ပြီး လမ်းပိုင်းထပ်မံပိတ်မိနေကြောင်းနှင့် ခေါင်လန်ဖူးဒေသဘက်မှာလည်း မိုးများသောကြောင့် တောင်ပြိုခြင်း၊ ကမ်းပါးပြိုကျခြင်းများ ရှိနေခြင်းကြောင့် သွားလာရေးခက်ခဲနေသည်။


ထို့ကြောင့် ယခင်အတိုင်း ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည် သာမက ရွှေမှော်မှ လေလံယူ ဝယ်ယူသုံးစွဲလိုက်ခြင်းကြောင့် ဒေသခံများမှာ စက်သုံးဆီပြတ်လပ်လာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။


ထို့နည်းတူ သုံးလကျော်ရပ်ဆိုင်းထားသည့် ရွှေမှော်များမှာ ဇွန်လကုန်ပိုင်း ကားလမ်းဖွင့်လိုက်ပြီးနောက် ချက်ချင်းပင် အလွန်အကျွံ ပြန်လည်ရွှေတူးဖော်နေကြပြီဖြစ်၍ ဒေသအတွင်း ကုန်ဈေးနှုန်းများလည်း မကျဆင်းနိုင်သေးပဲ မြင့်တက်နေဆဲ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။


လက်ရှိမှာတော့ ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်းနှင့် မြစ်ကြီးနားလမ်းပိုင်းများအားလုံး မြေပြိုခြင်း၊ ရေတိုက်စားခြင်းနှင့် ကမ်းပါးပြိုကျခြင်းများကြောင့် လမ်းပိုင်းပျက်စီးမှုများ ဆက်တိုက်ကြုံတွေ့နေရပြီး၊ ကားလမ်းဖွင့်ခါစမှာပင် ပြန်လည်ပိတ်မိနေသည့် အခြေအနေကြောင့် ပူတာအိုခရိုင်ရှိ ပြည်သူများမှာ ပိုမိုခက်ခဲနေကြရကြောင်း ထပ်မံသိရသည်။


သတင်း-မလိခူး


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page