ပါဂျောင်မီဒီယာ
၁၆ရက် ၊နိုဝင်ဘာလ၊၂၀၂၄ခုနှစ်။
မြန်မာနိုင်ငံ၏မြောက်ဖျားပိုင်း၊ ပူတာအိုဒေသရဲ့ အအေးဒဏ်က မီးတောက်တောက်လောင်နေတဲ့ မီးဖိုကြီးနဲ့ မခွဲမခွာချင်လောက်အောင် အေးခဲစပြုနေပြီ။
နေ့ တနေ့ရဲ့ အလုပ်ပြီးချိန် ညနေစောင်း ၃ နာရီခန့် မှစကာ ကျေးလက်နေ တောင်သူများ ဓာတ်မီးတစ်လက်၊ ဆာလာအိတ်တစ်လုံး၊ ရေဗုံး ဖလားခွက်၊ ဇကာဖြင့်ပြုလုပ်ထားသည့် ရိုက်တံ နှင့်အမြဲကိုင်နေကျ ဓားကိုယ်စီလွယ်ပြီး ကျောက်ဂျပိုးရှာဖို့ ရွာဘေးက ချောင်းများဆီကို ဆင်းလာခဲ့ပါတယ်။
နှစ်စဉ် စက်တင်ဘာလကုန်ခန့်မှ ဒီဇင်ဘာလ အထိ လူငယ်၊လူလတ်၊ လူကြီးမရွေး ကျောက်ဂျပိုး များရှာထွက်လေ့ရှိကြပါတယ်။ ဒေသခံတွေ အနေနဲ့ ထိုကျောက်ဂျပိုးကို ငရုတ်သီးထောင်းစားခြင်း၊ မုန်ညှင်းနဲ့ ဟင်းရည်ချက်သောက်ခြင်း၊ လှော်စားခြင်း နဲ့ ဆီဖြင့်ကြော်စားတာတွေဒေသအစားအစာတစ်ခုအဖြင့် လုပ်စားကြပါသည်။
ထိုကျောက်ဂျပိုးအမျိုးအစားကိုမြန်မာနိုင်ငံမြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်အတွင်းအများဆုံးတွေ့ရှိရသည့်ရာသီပေါ်အသွင်ပြောင်းပိုးကောင်တစ်မျိုးဖြစ်သည်။
ယခင်က ကျောက်ဂျပိုးများကို ဒေသဟင်းခတ် အစားအစာ အဖြင့်သာသုံးဆောင်ခဲ့ကြသော်လည်း ယခုနှစ်များတွင် စျေးကောင်းရလာကာ စီးပွားအဖြစ် ရှာဖွေ၊ဖမ်းကြရသည့် ဓလေ့အဖြင့်သို့ပြောင်းလဲလာခဲ့ပြီဖြစ်သည်။
ဆောင်းရာသီနိုဝင်ဘာလ ဆန်း ဒီဇင်ဘာလ ဟာ တောင်ယာစပါးရိတ်သိမ်းပြီး အလုပ်ပါးချိန် တရုတ်ရဲ့ ကျောက်ဂျပိုးဝယ်လိုအားနှင့် မြို့ကြီးများမှ စီးပွားလုပ်ငန်းရှင်များ ဒေသတွင်းသို့ ကျောက်ဂျပိုးဝယ်ယူရန် ရောက်ရှိလာပါတော့တယ်။ ဒေသခံတွေထဲကလည်းအဝယ်ဒိုင်လုပ်ကြဝယ်၊ရောင်းကြတဲ့စီးပွားရှင်တွေအများကြီးရှိလာခဲ့ပြီ။
ဒီလို တရုတ်စိတ်ဝင်စားတဲ့ ကျောက်ဂျပိုးဟာ ညနေပိုင်း ၄ နာရီ ၆ နာရီကြား နှစ်နာရီခန့်အတွင်း၎င်းတို့ပြန်သန်းချိန် တွင်ရှာရတာဖြစ်တဲ့အတွက် ရှာနိုင်တဲ့သူက တစ်ညကို နို့ဆီခွက် ၂ခွက်၊၃ ခွက်ကျော်အထိအသီးသီးရကြပါ တယ်။
"အနည်းဆုံး ကတော့ ခွက်တစ်ဝက်ရကြတယ်၊ တစ်ခွက်ကို ၅၀၀၀၀ကျပ် မှ ၆သောင်းခွဲကျပ် အထိ စျေးပေါက်သည်ဖြစ်သည်။ကျောက်ဂျပိုးအကြီးမျိုး၊အသေးမျိုးဆိုပြီးနှစ်မျိုးခွဲကြတယ်၊ အကြီးမျိုးကျတော့အသေး မျိုးလောက်ဈေးမကောင်းဘူးအသေးတစ်မျိုးသီးသန့်ဆိုရင်ဈေးကောင်းရကြတယ်။
ကျောက်ဂျပိုးဆိုတာ နွေရာသီနဲ့ မိုးရာသီ အတွင်းမှာတွင်တောထဲမှာသာနေကြပြီး ဆောင်းရာသီရောက်ရင်တော့ နေရဲ့အပူဓါတ်ကိုရဖို့ နေပူစာလှုံရန် ချောင်းကမ်းနံဘေးတွေဆီပျံသန်းလာကြပါတယ်။
သူတို့ဟာ ချောင်းနှံဘေးက ကျောက်ခဲ တွေရဲ့ အောက်မှာ နေကြပြီး ရေကြောက်တဲ့ အမဲရောင်နဲ့အညိုေရာင်ရှိတဲ့လက်သဲခွံအရွယ်အစားသာရှိပြီး၊ ပြင်းရှသည့်အနံ့တစ်မျိုးရှိတဲ့ ပျံတက်တဲ့ ပိုးကောင်တစ်မျိုးဖြစ်ပါတယ်။
ကျောက်ဂျပိုး ပျံသန်းချိန် ညနေဆည်းဆာ နေဝင်ချိန်အတွင်း ပလက်စတစ် ထောင်ပြီးဖမ်းသလို စကာဖြင့်ပြုလုပ်ထားသော ရိုက်တံများဖြင့်ရိုက်ချ ဖမ်းစီးခြင်းများ ပြုလုပ်ကြတယ်။နေ့ခင်းဘက်နှင့် ညအချိန်မှာတော့ ကျောက်ခဲ တွေကို လှန်ကာဖမ်းကြရပြီး သူတို့နေထိုင်တဲ့ ကျောက်ခဲကို ရေလောင်းပြီး ပျံထွက်လာတဲ့ ကျောက်ဂျပိုးကို ဖမ်းကြရပါတယ်။
ကျောက်ဂျပိုးဟာ ကျောက်ခဲ တုံးကြီးတွေ ကြားက ထွက်လာပြီး မြစ်၊ချောင်းများတစ်လျှောက် ရေစုန် သို့ ဦးတည်ချက် ထားကာညေနဆည်းဆာအချိန်ပျံသန်းလေ့ရှိပြီး ကျောက်ဂျပိုးရှာသူ တွေက ၎င်းရေစုန်ဘက်မှာ တံတားအသေးလေးထိုးကာ ရေစုန်ဘက်ကျတဲ့ တံတားဘက်ခြမ်းကို လူတွေတန်းစီစောင့်ဆိုင်းကြကာ ထောင်ခြောက်ဆင်၊ ဇကာပိုက် ရိုက်တံများဖြင့်ရိုက်ချ ဖမ်းစီးကြတာဖြစ်ပါတယ်။
၎င်းတို့ဟာ ရေစုန်ဘက်ကို အရှိန်နဲ့ ပျံသန်းလာချိန် ထို ထောင်ခြောက်များ ကို တိုက်မိပြီး အောက်သို့ကျတာကို ကောက်ယူရုံသာဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။
"ရေစီးသန်တဲ့နေရာမှာ တံတားလေးသေးသေးလေးထိုးပြီး ပလက်စတစ် ထောင်ပြီးဖမ်းကြတယ်၊ရေစီးသန်တဲ့နေရက ဖမ်းဖို့ပိုလွယ်သလို ရလည်းပိုရတယ်၊အမြဲတမ်း ရေဗုံး၊ဖလားခွက်နဲ့ အဲဒီပလစတပ် ကိုရေပတ်ပေးရတယ်၊ စိုနေမှ အကောင်က အောက်ကိုကျတာ၊ မဟုတ်ရင် ပလက်စတစ်မှာကပ်နေတာ၊သူကရေပေါ်မှာဆို မပျံတော့ဘူးရေကြောက်တဲ့သဘောရှိတယ်" လို့ ၎င်းတို့ကရှင်းပြပါတယ်။
ကောက်ယူတဲ့ အချိန်သတိထားကောက်ယူရပြီး ကျောက်ဂျပိုးရဲ့ သေးရည်ဟာ မျက်လုံးကို အပန်းခံရပါက မျက်လုံး ကန်းနိုင်တယ်လို့ ဒေသခံတွေ ကဆိုကြပါတယ်။အစိပ်ပါသည့်အရည်တစ်မျိုးကိုထုတ်လွှတ်ပေးနိုင်တဲ့အကောင်တစ်မျိုးဟုဆိုကြသည်။
ကျောက်ဂျပိုးဟာ အဓိက မလိခ မြစ်နဲ့၎င်းရဲ့မြစ်လက်တက်များဖြစ်ကြတဲ့ ချောင်းကြီး၊ ချောင်းငယ်များရဲ့ ကျောက်ခဲကြီးတွေ ရှိတဲ့ ချောင်းကမ်းနှဘေးတွေမှာ အဓိကတွေ့ရပါတယ်။
ရေခဲတောင်များမှမြစ်ဖျားခံလာသည့်မြစ်၊ချောင်းများတစ်လျှောက်ဆီမှဆောင်းဦးကာလတွင်စုန်ဆင်း၊ပျံသန်းလာကြသည်။မေခမြစ်ဖျားပိုင်းဖြစ်သည့်ခေါင်လန်ဖူးဒေသဘက်တွင်လည်းအပြားအပြားတွေ့ရလေ့ရှိ၏။
၎င်းကျောက်ဂျပိုးကို တရုတ်နိုင်ငံက အဓိကဝယ်ယူပြီး ပူတာအိုမြို့ကနေ မြစ်ကြီးနားမြို့၊ မန္တလေးမြို့ ကနေ တရုတ်ကို နို့ဆီဗူးတစ်ခွက်လျှင်၇သောင်းကျပ်အထိပေးဝယ်ကာကားနဲ့ အဓိကတင်ပို့ရတယ်လို့ ကျောက်ဂျပိုးဝယ်ယူနေသူ ဒေသခံတစ်ဦးကပြောပါတယ်။
ယခုနှစ်မှာတော့ ကျောက်ဂျပိုး တစ်ခွက်ကို ကျပ် ၆သောင်းကျပ်မှ ၆သောင်း ခွဲကျပ်အထိ ဈေးရပြီး တစ်ပိဿလျှင် ၁၀ သိန်းကျော်ရ နေ ပါတယ်။
ပူတာအိုဒေသက ကျောက်ဂျပိုးကို ရှာဖွေရောင်းချသည်မှာ ၂၀၁၉ ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း နို့ဆီခွက်တစ်ခွက်ကို ၆ထောင်သာရှိခဲ့တာဖြစ်ပါတယ်။ ပူတာအိုဒေသတွင် ကျောက်ဂျပိုးအမျိုးအစား အကြီးမျိုး၊ အသေးမျိုးဟူ ၍ရှိပြီး အသေးမျိုးသာ စျေးကောင်းရကြပါသည်။
၎င်းကျောက်ဂျပိုးကို တရုတ်က ဆေး နဲ့ ဟင်းချက်အမွှေးအကြိုင်ပြုလုပ် ကြသည့်အပြင် ဘီပိုး၊စီပိုးဆေးဖော်စပ်ရာတွင်လည်းအသုံးပြုကြကြောင်းသိရှိရသည်။
"နိုင်ငံရေးအခြေအနေ မကောင်းပေမယ့် ဒီနှစ်က ကျောက်ဂျပိုးဈေးကောင်းတယ်ဒါပေမယ့် ရွာနဲ့လှမ်းတဲ့ မြစ်၊ချောင်းဘက်တွေကို သွားရှာထွက်ဖို့အတွက်က နိုင်ငံရေးအခြေအနေကြောင့်အဆင်မပြဘူး" လို့ ဒေသခံများပြောသည်။
"ဒီနှစ်ထဲမှာတော့မလိခမြစ်ကြောင်းတစ်လျှောက်ကို သွားရှာကြတဲ့သူတွေနည်းတယ်နိုင်ငံရေးမကောင်းတော့လုံချုံရေးအရသိပ်မသွားရဲကြဘူးလေ၊အဓိကတော့ဒီနှစ်ထဲမှတောင်ပေါ်ကိုးရွာဖြစ်တဲ့ ဇီယာဒမ်း၊ခါးလန်စတဲ့ရေခဲတောင်ခြေရွာတွေဘက်ကို အများဆုံးသွားရှာကြတယ်။တစ်ချို့ကျတော့နောင်မွန်၊ခေါင်လန်ဖူးနဲ့မချမ်းဘော့မြို့နယ်အရှေ့ပိုင်းတွေဆီသွားဖမ်းကြပါတယ်"ဟုဆိုသည်။
ဒီလို စျေးကောင်းရနေ ပေမယ့် ကျောက်ဂျပိုးဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလထိသာ ဖမ်းကြရပြီး အချိန်ပိုင်းအလုပ်သာဖြစ်တာရယ် ယခုနှစ်တွင်ယခင်နှစ်များထက်ကျောက်ဂျပိုးအလွန်ရှားပါလာတာ ကြောင့် ဒေသခံတွေ အတွက် မိသားစု စားဝတ်နေရေး လုံလောက်တဲ့ စီးပွားရေးမဟုတ်ဘူးလို့ လည်းဆိုပါတယ်။
ကျောက်ဂျပိုးဈေးကောင်းရလာသည်နှင့်အမျှတစ်နှစ်ထက်တစ်နှစ် ကျောက်ဂျပိုးကောင်အထွက်နှုန်းနည်းလာတယ်ဟုဆိုသည်။ ယခုနှစ်တွင်အောက်တိုဘာလအလယ်လောက်ကတည်းကကျောက်ဂျပိုးရှာေဖွသူများမြစ်၊ေချာင်းများတစ် လျောက်တွင်နေရာယူထားပြီးရှာ ဖွေနေကြသော်လည်း ယခင်နှစ်များထက်အထွက်နှုန်းထက်ဝက်မက လျှော့နည်းသွားပြီဟု ဇီယာဒမ်း၊ရေခဲတောင်ခြေတစ်လျှောက်တွင်သွားရောက်ရှာဖွေကြသောပူတာအိုဒေသခံများကဆိုတယ်။ "ဒီနှစ်ထဲမှာကျောက်ဂျပိုးလာရှာကြတဲ့သူတွေကချောင်းတစ်လျှောက်တွေမှာပွဲဈေးတန်းလိုလိုပဲတအားလည်းပေါ်စရာကောင်းတယ်၊ရွာခံတွေတော်တော်များများလည်း မိသားစုအလိုက်လာဖမ်းကြတာ"ဟုကြည်နူးစရာမြင်ကွင်းအကြာင်းရှင်းပြသည်။
သတင်းဆောင်းပါး- မလိခူး
Comments