ပါဂျောင်မီဒီယာ
၁၂ရက်၊ ဇူလိုင်လ၊ ၂၀၂၄ ခုနှစ်။
ကချင်ပြည်နယ်၊ ပူတာအိုဒေသတွေ လေးလကျော် ပိတ်ထားခဲ့သည့် ဆီပန့်ဆိုင်အချို့မှ တစ်လီတာတစ်သောင်းကျပ်နှုန်းနှင့်အကန့်အသတ်ဖြင့် ရောင်းချပေးနေသောကြောင့် ဒေသခံထောင်ချီ တန်းစီဝယ်ယူနေကြသည်ဟု ဒေသခံတစ်ဦးမှ ပြောကြားလာသည်။
ယနေ့နံနက် ၉နာရီအချိန်မှစပြီး ပူတာအိုဒေသမှ ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးတန်ဂူးတန်ပိုင် Petro7 ဆီပန့်ဆိုင်နှင့် တိုင်းကျော်ဆီပန့်ဆိုင်တို့တွင် ဆိုင်ကယ်တစ်စီးလျှင် တစ်လီတာတစ်သောင်းကျပ်နှုန်းနှင့် အကန့်အသတ်ဖြင့် စတင်ရောင်းချပေးနေခြင်းဖြစ်သည်။
“တိုင်းကျော်ဆီဆိုင်မှာတော့ လူတစ်ယောက် ဆိုင်ကယ်တစ်စီးကို ဓါတ်ဆီတစ်လီတာ (တစ်သောင်းကျပ်နှုန်း)နဲ့ ရောင်းပေးတယ်၊ ဦးတန်ဂူးတန်ရဲ့ Petro7ဆီပန့်ဆိုင်မှာကျတော့ တစ်ဂါလံ(၄လီတာ)ကို လေးသောင်းကျပ်နဲ့ ရောင်းပေးနေတယ်။ အဲ့ကြောင့် တိုးပြီးဝယ်နေရတယ်။ လူအရမ်းများလို့ ရဖို့တောင်မလွယ်ဘူး” ဟု ပူတာအို-လုံးစွတ်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
ပူတာအိုမြို့တွင်းရှိ ဆီပန့်ဆိုင်များမှာ ကားလမ်းပိတ်ထားပြီးနောက် ဆီပြတ်သွားသည်ဟုဆိုကာ အရောင်းပိတ်ထားခဲ့သည်မှာ လေးလကျော် ကြာမြင့်ခဲ့သည်။ ထို့ကြောင့် ဒေသခံများမှာ လုံးစွတ်ရပ်ကွက်ရှိ ဆီပန့်ဆိုင်များတွင် ရောင်းချပေးနေချိန် လမ်းမပေါ်တွင် လူထောင်ချီ တန်းစီပြီး စက်သုံးဆီ ဝယ်ယူနိုင်ရေး စောင့်ဆိုင်းနေကြသည်။
မြစ်ကြီးနား-ပူတာအိုကားလမ်းကို ဇွန်လ ၁၀ ရက်ကျော်နောက်ပိုင်း နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများမှ ခွင့်ပြုချက်ဖြင့် ယာယီဖွင့်လှစ်ခဲ့ပေမယ့် မိုးရေသည်းထန်စွာ ရွာသွန်းပြီး လမ်း၊ တံတားများ ပျက်စီးမှုကြောင့် ကုန်သည်ကားနှင့် စက်သုံးဆီကားများ ထပ်မံပိတ်မိနေခဲ့ရာ၊ လက်ရှိပူတာအိုပြင်ပဈေးကွက်တွင် ဓါတ်ဆီတစ်လီတာ လေးသောင်းကျပ်အထိ တစ်ဖန်မြင့်တက်သွားခဲ့ကြောင်း သိရသည်။
လက်ရှိရောင်းချပေးနေသော စက်သုံးဆီများမှာ ယာယီလမ်းဖွင့်ချိန် ရောက်ရှိထားသည့် ဆီလက်ကျန်များကို ဈေးနှုန်းသင့်လျော်စွာ ပြည်သူများကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း ဆီဆိုင်ဝန်ထမ်းတစ်ဦးမှ သိရသည်။
သတင်း - မလိခူး
Comments