top of page

ပူတာအို ဒေသခံပြည်သူများ စားနပ်ရိက္ခာခက်ခဲမှုမှ ရုန်းထွက်နိုင်ရန် “အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းရေးကော်မတီ”မှ စတင်ဆောင်ရွက်နေ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၃၀ရက်၊စက်တင်ဘာ၊၂၀၂၄။





ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်း ကုန်ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာပြီးနောက် ပြည်သူများကြပ်တည်းလာသည့် အခြေအနေကို ဖြေရှင်းနိုင်ရန်” အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းရေးကော်မတီ”မှ စက်သုံးဆီနှင့် ဆန်အိတ်များသယ်ယူပြီး ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေကြောင်း ဒေသခံများထံမှ သိရသည်။


"အခြေခံပြည်သူတွေ ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိင်ရန်အတွက် ဖြစ်ပါတယ်။ အခုဒီဇယ်၊ဓါတ်ဆီနဲ့ ဆန်အိတ်‌တွေကို ပူတာအိုဒုတ္တန်ရပ်ကွက် ရ၀မ်ယဉ်ကျေးမှုကွင်းမှာ စတင်ရောင်းချနေပြီ။ ကော်မတီအနေနဲ့ ဒီလုပ်ငန်းကို ဩဂုတ်လဆန်းပိုင်းကတည်းကနေ ဆောင်ရွက်နေတာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကြန့်ကြာသွားတာဖြစ်တယ်၊ ရှေ့ဆက်ပြီးလည်း အများကြီးလုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်" ဟု အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းရေးကောင်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းရေးကောင်မတီကို ပူတာအိုမြို့နယ်ရှိ အသင်းတော်များနှင့် လူမျိုးရေးရာအဖွဲ့အစည်း(၇)ခုမှ စုပေါင်းဖွဲ့စည်းထားပြီး ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တင်ပြီး စည်းကမ်းမဲ့ခြယ်လှယ်နေသည့် ဒေသဈေးကွက်ကို တစ်ဖက်တစ်လှမ်းမှ ထိန်းညှိပေးနိုင်ရေးနှင့် ဒေသခံပြည်သူများ၏ အခက်အခဲ၊ အခြေခံလိုအပ်ချက်များကို ကူညီပံ့ပိုးပေးနိုင်ရေးတို့ကို ရည်ရွယ်ပြီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းရေးကောင်မတီကို ပြီးခဲ့သည့် ဇွန်လပိုင်းကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အလှူရှင်များစွာကို ချိတ်ဆက်ကာ ပူတာအိုမြို့တွင် အခြေစိုက်ပြီး စတင်ဆောင်ရွက်နေကြောင်း ထပ်မံသိရသည်။


ယခုကဲ့သို့ ခက်ခဲနေသည့် ပြည်သူများကို တစ်ဖက်တစ်လှမ်းမှ ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဒီဇယ်ပေပါ တစ်ထောင်နှင့် ဆန်အိတ် နှစ်ထောင်အတိကို ပထမဦးဆုံးအကြိမ်အဖြစ် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ပူတာအိုမြို့သို့သယ်ယူနိုင်ခဲ့ပြီး ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေပြီဖြစ်သည်။


ပူတာအိုဒေသသည် ယခုနှစ်အစောပိုင်းအချိန်ကတည်းက မြစ်ကြီးနား-ပူတာအိုကားလမ်းမကြီးကို နှစ်ဖက်စစ်ရေး မတည်ငြိမ်မှုကြောင့် ပိတ်ဆို့ထားခဲ့သဖြင့် ဒေသအတွင်း ကုန်ဈေးနှုန်းမှာ အဆမတန် မြင့်တက်သွားခဲ့ပြီး၊ ကုန်ပစ္စည်းများ ပြတ်လပ်ခြင်းကို ဒေသခံများ ယနေ့အချိန်အထိ ကြုံတွေ့နေရကြောင်းသိရသည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page