ပါဂျောင်မီဒီယာ
၆ရက်၊မေလ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_e34260b37108448c9155a8537d4c1520~mv2.jpg/v1/fill/w_980,h_551,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_e34260b37108448c9155a8537d4c1520~mv2.jpg)
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မေလ၁ရက်နေ့မှစ၍ စစ်တပ်လေယာဉ်ကြီးနှင့် စက်သုံးဆီများကို တစ်နေ့လျှင်နှစ်ကြိမ်နှုန်းဖြင့် နေ့စဉ် ပို့ဆောင်နေပြီ ဖြစ်သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၃၀ရက်နေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန်မှ ရောက်ရှိလာကာ ဒေသခံလယ်သမားများအား လုပ်ငန်းခွင်ဝင်နိုင်ရန် စက်သုံးဆီများ လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးမည့်အကြောင်း ပြောဆိုသွားသည်။
ဝန်ကြီးချုပ်မှ ယင်းကဲ့သို့ ပြောဆိုပြီးနောက် မေလဆန်းပိုင်းမှစတင်ကာ နေ့စဉ် လေယာဉ်ဖြင့် စက်သုံးဆီသယ်ယူနေသော်လည်း စက်သုံးဆီမှာ ချက်ချင်းဆိုသလိုပင် တစ်ပုလင်းအား ကျပ်တစ်သောင်းခွဲမှ ကျပ်သုံးသောင်းခွဲအထိ တစ်ဟုန်ထိုး မြင့်တက်သွားသည်ဟု ဆိုသည်။
![](https://static.wixstatic.com/media/c187ce_92e066f150c2421aa2d1878c5bae4b1b~mv2.jpg/v1/fill/w_980,h_551,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_92e066f150c2421aa2d1878c5bae4b1b~mv2.jpg)
"အခုဒီတစ်ပတ်အတွင်း လဆန်းပိုင်းထဲမှာပဲ ပူတာအိုမှာ ဓါတ်ဆီတစ်ပုလင်းကို သုံးသောင်းခွဲအထိ ဈေးမြင့်သွားပြီ၊ စကစအဖွဲ့က ပြည်သူတွေအတွက် စက်သုံးဆီလေယာဉ်နဲ့ သယ်ပေးနေတယ်လို့လည်းပြောတယ်၊ ရပ်ကွက်ကျေးရွာတွေမှာလည်း လယ်ပြေစာတွေနဲ့ စာရင်းကောက်ယူ နေတာတွေလုပ်နေတယ်။” ဟု ပူတာအိုဒေသခံ ဘာသာရေးဆရာတစ်ဦးက ပြောသည်။
ဒေသခံများမှာ စစ်ကောင်စီတပ်ဖွဲ့မှ လယ်ပြေစာ စာရင်းကောက်ယူနေသော်လည်း စက်သုံးဆီဈေးကို မည်သို့ မည်ပုံ ရောင်းချပေးမည်ကို မသိရသေးသည့်အပြင် စက်သုံးဆီဈေးနှုန်းများမှာလည်း မြင့်သထက်မြင့်တက်လာနေသောကြောင့် ဒေသခံအများစုမှာ မဝယ်ယူနိုင်သည့်အခြေအနေဖြစ်နေသည်။
“ဘယ်လိုဈေးနဲ့ တစ်ဧကကို ဘယ်လောက် ရောင်းပေးမယ်ဆိုတာလည်း ဘယ်သူမှ မသိရသေးဘူး၊ အဲ့ဒီသတင်းထွက်တဲ့ နောက်တစ်ရက်ကနေပဲ အပြင်မှာ ဆီဈေးတွေက မြင့်သထက် ပိုပိုမြင့်နေပြီ ငါတို့ပြည်သူတွေ ဘယ်လိုမှမဝယ်နိုင်တော့ဘူး၊ အုပ်ချုပ်ရေး အပိုင်းကနေလည်း ဒါတွေကို မထိန်းပေးဘူးဗျာ။ တကယ်စိတ်ပျက်ဖို့ ကောင်းတယ်၊ အရင်က ဆီမရှိတော့ဘူးဆိုတဲ့ ဆိုင်တွေမှာလည်း အခုလိုဈေးမျိုးနဲ့ကြတော့ ထုတ်ရောင်းဖို့ ရှိနေကြတယ်။ ဆီလှောင်ထားတဲ့ လုပ်ငန်းရှင်တွေလည်း တကယ်လုပ်စားရက်တယ်၊ အစိုးရနဲ့ ပေါင်းပြီးပြည်သူတွေကို နှိပ်စက်နေတာ၊ တကယ်ဆိုရင် အဲ့လိုမျိုးလုပ်စားတဲ့လူတွေကို အရေးယူပေးသင့်တယ်" ဟု အထက်ပါ ဘာသာရေးဆရာက ထပ်ပြောသည်။
ဧပြီလ(၃၀)ရက်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ခက်ထိန်နန် ပြောကြားခဲ့သည့် လယ်သမားများကို စက်သုံးဆီရောင်းပေးသွားမည့် ကိစ္စနှင့်ပတ်သတ်၍လည်း ယခုအထိ တိကျသည့် ညွန်ကြားချက်၊ မရှိသေးကြောင်းနှင့် မေလ၄ရက်နေ့အထိ လေကြောင်းဖြင့် စုစုပေါင်း (၁၀) ကြိမ်ခန့်အထိ စက်သုံးဆီ သယ်ယူနေခဲ့သော်လည်း လက်ရှိအချိန်အထိ ၎င်းဆီများကို စိုက်ပျိုးရေးဌာနမှ ထိန်းချုပ်ထားဆဲဖြစ်ပြီး အကောင်အထည် ဖော်ဆောင်မှုမရှိသေးကြောင်း ဒေသခံများထံမှသိရှိရသည်။
မြစ်ကြီးနား-ပူတာအိုကားလမ်း မပိတ်ခင် မတ်လ ဆန်းပိုင်းအထိ ပူတာအိုတွင် စက်သုံးဆီဈေးနှုန်းအမြင့်ဆုံးမှာ တစ်လီတာလျှင် ကျပ်ငါးထောင်အထိသာ ရှိခဲ့သော်လည်း ယခုလမ်းပိတ်ထားသည့် နှစ်လတာ အချိန်အတောတွင်း ဓါတ်ဆီတစ်လီတာလျှင် ကျပ်လေးသောင်းနီးပါးအထိ စံချိန်တင် ဈေးနှုန်းမြင့်တက်နေပြီ ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။
သတင်း- မလိခူး
Comments