ပါဂျောင်မီဒီယာ။
၂၀ရက်၊ဇန္နဝါရီ၊၂၀၂၅။
ပူတာအိုမြို့နယ်၊ လုံရှာယာန်အုပ်စုအတွင်းရှိ လုံရှာချောင်းဖျားတွင် ရွှေတူးဖော်မည့် စီမံကိန်းကို ကန့်ကွက်သည့် ဒေသခံများအား KIAအမှတ်(၁)တပ်မဟာမှ ဆင့်ခေါ်သောကြောင့် ဒေသခံ(၄၆)ဦး တပ်မဟာ(၁)ဌာနချုပ်သို့ သွားရောက်နေကြောင်း သိရသည်။
“အခုတစ်ခေါက်တော့ တော်တော်ကို ဆိုးဆိုးရွားရွားပဲဗျာ။ စက်ယန္တရားကြီးတွေနဲ့ လုပ်ငန်ရှင်အများကြီး ပြန်ပါလာတယ်။ အဲ့တာကိုပြည်သူတွေ၊ ရပ်မိရပ်ဖတွေ၊ ဘာသာရေးအသီးသီးကရော၊ ကော်မတီဝင်တွေရော ကန့်ကွက်စာ တင်ပြခဲ့တာ။ အဲ့ဒီကန့်ကွက်စာမှာ ပါဝင်တဲ့သူတွေအားလုံးကို KIA တပ်မဟာ(၁)ဌာနချုပ်ဆင့်ခေါ်စာနဲ့ ခေါ်လိုက်တာလေ။ အရင်တစ်ခေါက် သွားရောက်တွေ့ဆုံတုန်းကလဲ သူတို့ဘက်က မကန့်ကွက်သင့်ကြောင်း ပြောလာတယ်ဗျ။ အဲ့တာကြောင့် KIA တပ်မဟာ(၁)ဌာနချုပ်ဆီ စာတင်ခဲ့တာဟုတ်တယ်။ အဲ့တာနဲ့ပဲ ဆင့်ခေါ်စာရောက်လာတယ်လေ။ ဒါနဲ့ပဲ အခက်အခဲ အမျိုးမျိုးကြားထဲက စုစုပေါင်းလူဦးရေ(၄၆)ယောက် သွားလိုက်ကြပြီ။” ဟု လုံရှာယာန်အုပ်စု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ရွှေတူးဖော်မည့် စီမံကိန်းအား တစ်ဖန်အရှိန်အဟုန်တိုးမြင့်လာသောကြောင့် ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် လုံရှာချောင်းကာကွယ်ရေးကော်မတီဝင်များမှ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး၊ KIAအမှတ်(၁)တပ်မဟာဌာနချုပ်သို့ တင်ပြခဲ့သည်။
ထို့နောက် ဇန္နဝါရီ ၁၇ရက်နေ့တွင် တပ်မဟာ(၁)မှ အဆိုပါ ကန့်ကွက်လက်မှတ်ရေးထိုးထားသည့် တစ်ဦးချင်းစီအားလုံး ဌာနချုပ်သို့ မဖြစ်မနေတက်ရောက်ရမည်ဟု ဆင့်ခေါ်စာ ရောက်ရှိလာသောကြောင့် ဒေသခံ စုစုပေါင်း(၄၆)ဦးမှာ ဌာနချုပ်သို့ သွားရောက်နေကြောင်း သိရသည်။
“KIAတပ်မဟာ(၁)ဌာနချုပ်ဘက်က ဘာတွေပြောလာမလဲ မသိသေးဘူး။ KIA တပ်မဟာ(၁)က လူကြီးတစ်ချို့တွေ အဲ့ဒီရွှေတူးဖော်ရေး စီမံကိန်းနဲ့ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရတယ်ဗျ။ သူတို့က War Fund အတွက် လုပ်တဲ့လုပ်ငန်းအပေါ် မကန့်ကွက်သင့်ဘူးဆိုပြီး ဖိအားပေးနေတာ။” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
လက်ရှိဒေသခံ (၄၆)ဦးမှာ ရွှေတူးဖော်ရေးစီမံကိန်းကို ရပ်တန့်နိုင်ရေး ဆွေးနွေးတိုင်ပင်ရန်အတွက် အမှတ်(၁)တပ်မဟာ ဌာနချုပ်သို့ သွားရောက်နေကြပြီး၊ မည်သည့်ဖြေရှင်းချက်မျိုး ရရှိလာမည်ကိုတော့ မသိရသေးကြောင်း သိရသည်။
ထို့အပြင် ဒေသခံများမှလည်း အဆိုပါ ကန့်ကွက်ချက်မျိုးကို ၂နှစ်ကျော်သည်အထိ ကန့်ကွက်လာခဲ့ပြီး မည်သည့်အခြေအနေမျိုးမဆို ရပ်တန့်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံရှာချောင်းသည် ဒေသခံများ အဓိက အားကိုးအားထားရာ အသက်သွေးကြော ချောင်းရေအဖြစ် တန်ဖိုးထားကြသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
“ငါတို့ဘက်ကလည်း ဘယ်လိုမှခွင့်ပြုလို့မရဘူး၊ ဘာလို့လဲဆို လုံရှာယာန်အုပ်စုက ပြည်သူ(၅၀၀၀)ကျော်က အဲ့ဒီလုံရှာချောင်းကိုပဲ မှီခိုပြီး၊ လယ်ယာလုပ်ငန်း လုပ်စားတာ၊ သောက်သုံးရေ၊ မီးလင်းရေး အစစအရာရာအားလုံး အသုံးပြုနေရလို့ ကာကွယ်ထားတာလေ။ အဲ့ဒါကို ရွှေတူးလိုက်ရင် ချောင်းရေခန်းသွားမှာမို့ ကန့်ကွက်နေတာ"ဟု နောက်ထပ် ဒေသခံတစ်ဦးမှလည်း ပြောသည်။
လုံရှာချောင်းဖျားတွင် ရွှေတူးဖော်ရန် စီမံကိန်းဖော်ဆောင်လာသည့်အပေါ် ဒေသခံများ ကန့်ကွက်ခဲ့သည်မှာ ၂နှစ်ကျော်လာပြီဖြစ်ပြီး၊ ဒေသခံများမှာ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလပိုင်းကလည်း ရပ်တန့်ပေးရန် စာပို့တောင်းဆိုခဲ့သည်ဟု ဆိုသည်။
လုံရှာယာန်အုပ်စုသည် မြစ်ကြီးနား-ပူတာအိုလမ်းပေါ်ရှိ အိမ်ထောင်စု (၈၀၀)ကျော်မှ လူဦးရေ(၅၀၀၀)ကျော် မှီတင်းနေထိုင်သည့် ကျေးရွာအုပ်စုတစ်ခု ဖြစ်သည်။
သတင်း - မလိခူး
Comments