top of page

ပူတာအိုတွင် ဓါတ်ဆီ ၁လီလာလျှင် ၃ သောင်းကျပ်အထိ မြင့်တက်လာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၃၊ ၈၊ ၂၀၂၄



လွန်ခဲ့သော ဇူလိုင်လမှ စ၍ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား ပူတာအို ဆက်သွယ်ထားသည့် ဆွမ်ပရာဘွမ် လမ်းမကြီးလမ်းတစ်လျှောက် ရေကြီးပြီးကားလမ်းမြေပြိုမှုများကြောင့် လမ်းပမ်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ရသည်။ တစ်လ ၀န်းကျင်ခန့် ကြာမြင့်ချိန်တွင် စစ်ရေးတင်းမှာမှုများကြောင့် မြစ်ကြီးနား ပူတာအိုလမ်းပိတ်ထားနေဆဲ ဖြစ်ပြီး ပူတာအိုဒေသခံ ပြည်သူများ ကုန်စျေးနှုန်းမြင့်မားမှုဒဏ်ကို ဆက်လက်ခံစားနေကြရမြဲ ဖြစ်သည်။


 “အခုဆို ပူတာအိုမှာ ဖုန်းလိုင်းလည်းပျက်တယ်၊ ဒီကိုလာတဲ့ ကားလမ်းတွေလည်း ပျက်တယ်၊ အခုလည်း လမ်းပါပိတ်ထားလိုက်တော့ အခြေခံစားသောက်ရတဲ့ ကုန်စျေးနှုန်းတွေက အရင်ကထက် ပိုတက်သွားပြီ .. ဓါတ်ဆီဆို မရောင်းတော့ဘူး.. ဓါတ်ဆီဆိုင်တွေအကုန်ပိတ်သွားပြီ။ တစ်ချို့ အိမ်လေးတွေမှာ ဓါတ်ဆီအကျန် နည်းနည်းရှိကြတယ်။ တစ်လီတာဗူးပေါ့ ရေသန့်ဗူးတစ်ဗူးကို ၃ သောင်းကျပ်ပေးရတယ်။ ဘယ်တတ်နိုင်တော့မလဲဗျာ .... ခံပေဦးတော့ပဲ” ဟု ပူတာအို မြို့ခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ဆက်သွယ်ပြောကြားလာသည်။


ထို့အတူ ပူတာအိုအတွင်း စစ်ရေးအခြေအနေများမှာ ငြိမ်သက်လျှက်ရှိပြီး၊ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စောင့်ကြည့်မှုများ ရှိနေကြောင်းကိုလည်း ထပ်ဆင့်ပြောပြလာသည်။ “ပူတာအိုမှာက လောလောဆယ် စစ်ရေးအနေအထားက ငြိမ်နေတယ်ဗျ၊ စောင့်ကြည့်နေတဲ့သဘောပဲ။ ဟိုတစ်ရက်ကတော့ ညဘက် လေဆိပ်ရပ်ကွက်နားမှာ ရဝမ်ပြည်သူ့စစ်တွေ ယူနီဖောင်းတွေနဲ့ စစ်ကောင်စီတပ်သားတွေကောပဲ နေရာယူနေကြတာ တွေ့တယ်။ ဘာအကြောင့်ကြောင့်လဲတော့ အတိအကျမသိရဘူး” ဟု ပြောလာသည်။


ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်းဖြတ်တောက်ခံထားရသကဲ့သို့ ဖုန်းငွေဖြည့်ကဒ်များပါ ဝယ်၍ မရတော့သော အခြေအနေဖြစ်နေပါသည်။ ယခုအခါ ကချင်ပြည်နယ်အတွင်းကုန်စည်စီးဆင်းမှု လျော့ကျလာပြီး ဒေသခံများမှာ အခြေခံစားသောက်ကုန် စျေးနှုန်းမြင့်တက်မှုများနှင့် ဓါတ်ဆီ၊ ဒီဇယ် ပြတ်တောက်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page