top of page
Writer's picturePajau Media

ပူတာအိုခရိုင်တွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် လယ်သမားများ လုပ်ငန်းခွင်ဝင်ရန် အခက်တွေ့နေ

ပါဂျောင်မီဒီယာ

၂၃ရက်၊ ဧပြီလ၊၂၀၂၄ခုနှစ်။



ပူတာအို-မြစ်ကြီးနား ကားလမ်းပိတ်နေသည်မှာ နှစ်လခန့် ကြာမြင့်လာပြီးနောက် ပူတာအိုမြို့နယ်တွင် စက်သုံးဆီများလည်း ပြတ်လပ်နေခဲ့ပြီဖြစ်၍ လယ်သမားများ လယ်ယာလုပ်ငန်းခွင်ဝင်ရန် အခက်တွေ့နေကြရသည်ဟု ဆိုသည်။


"ခါတိုင်းနှစ်တွေမှာကြတော့ ဒီဧပြီလကုန်ပိုင်းကနေ လယ်စထွန်နေရပြီ၊ ပြီးတော့ မေလထဲမှာတော့ ပျိုးကြဲကြတာလေ၊ အခုတော့ စက်သုံးဆီမရှိတာနဲ့ ဘယ်သူမှ လယ်မလုပ်နိုင်ကြသေးဘူး၊ ကားလမ်းဖွင့်ဖို့ အချိန်ကိုပဲစောင့်နေကြတာ၊ မိုးဝင်တဲ့အထိ ကားလမ်းမဖွင့်ပေးဘူးဆိုရင် ပူတာအိုဒေသတစ်ခုလုံးက ဒုက္ခရောက်ကုန်မှာ သေချာတယ်" ဟု ပူတာအိုဒေသခံ လယ်သမားတစ်ဦးက ဆိုသည်။


ပူတာအိုဒေသ ပြည်သူများသည် လယ်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်း လုပ်ကိုင်စားသောက်ကြရသည့် ဒေသတစ်ခုဖြစ်ကာ၊ ယခင်နှစ်များတွင်မှာတော့ လယ်ယာလုပ်ငန်းများကို ကျွဲ၊ နွားများဖြင့် ထွန်ယက်စိုက်ပျိုးခဲ့ကြသည့် မိရိုးဖလာ ဓလေ့ရှိခဲ့သည်။


သို့သော် နှောင်းပိုင်းကာလတွင်မှာတော့ ကျွဲ၊ နွားများကို အသုံးမပြုတော့ပဲ ခေတ်မီ စက်ပစ္စည်းများဖြစ်သည့် လယ်ထွန်စက်များနှင့်သာ အသုံးပြုကာ လုပ်ကိုင်စားသောက်လာခဲ့ကြသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပြီ ဖြစ်သည်။


"ဟိုးအရင် ဆယ်နှစ်လောက်အထိတော့ လယ်သမားတွေ အားလုံးကျွဲ၊ နွားတွေနဲ့ပဲ လယ်လုပ်ခဲ့ကြရတာ၊ လယ်ထွန်စက် အသေးတွေ ဝင်လာပြီးတဲ့နောက်မှာတော့ ဘယ်သူမှကျွဲ၊ နွားတွေအသုံးမပြုတော့ဘူးလေ။ အားလုံးက လွှတ်ထားလိုက်ကြတာပဲ။ အဲ့ဒီအခါကျတော့ အရင်ကကျွဲ၊ နွားတွေလည်းဖမ်းလို့ မရတော့ဘူး။ ရိုင်းကုန်တာလေ။” ဟု အထက်ပါ လယ်သမားက ဆက်ပြောသည်။




ထို့ကြောင့် ကျွဲနွားများဖြင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည့် ဓလေ့မှာ တစ်ဖြည်းဖြည်းနည်းပါးလာပြီး လယ်ထွန်စက်ဖြင့် စိုက်ပျိုးလုပ်ကိုင်မှုသာ ပူတာအိုဒေသအတွင်း ပိုမိုအသုံးပြုလာကြသည်မှာလည်း ယနေ့အချိန်ထိ ဖြစ်သည်။


သို့ပေမယ့် ပြီးခဲ့သည့် မတ်လ ၇ရက်မှ စတင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်စစ်တပ်များ၏ တိုက်ပွဲများကြောင့် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းများ ပိတ်ပင်ထားခဲ့သည်မှာ နှစ်လခန့် ကြာမြင့်လာပြီဖြစ်၍ ပူတာအိုမြို့တွင်း စက်သုံးဆီများလည်း ပြတ်လပ်ကာ စားသောက်ကုန်များပါ တစ်ဟုန်ထိုး ဈေးနှုန်းမြင့်တက်လာခဲ့သည်။


ထို့ကြောင့် စက်သုံးဆီ ပြတ်လပ်လာသည်နှင့်အမျှ လယ်သမားများမှာလည်း လယ်ယာလုပ်ငန်းခွင်ဝင်ရန် အခက်တွေ့နေကြသည်ဟု ဆိုသည်။


“လယ်လုပ်တတ်ဖို့လည်း အချိန်ယူပြီးမှ ပြန်ကျင့်ပေး၊ သင်ပေးရအုံးမယ် အချိန်တိုအတွင်းမှာ လုပ်တတ်အောင် ကျင့်ပေးနိုင်ဖို့ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်ဘူး၊ အခုဆိုရင် ပူတာအိုဒေသ လယ်သမားတွေအားလုံးက အရမ်းစိုးရိမ်နေကြရပြီ၊ တစ်ရာသီလောက် လယ်မလုပ်ဖြစ်ခဲ့ဘူးဆိုရင် ဒေသတစ်ခုလုံး ဒုက္ခရောက်သွားမယ်” ဟု ဆက်လက်ရှင်းပြခဲ့သည်။


ဒေသခံများမှာ စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့သို့ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသည်မှာ နှစ်လခန့်ကြာမြင့်လာပြီး ကုန်ဈေးနှုန်းများ မြင့်တက်ကာ၊ စက်သုံးဆီများလည်း ရှားပါးလာခြင်းကြောင့် လယ်ယာလုပ်ငန်းခွင်ဝင်ရန် အခက်တွေ့နေကြခြင်း ဖြစ်သည်။


ပူတာအိုခရိုင်အတွင်းရှိ မြိုနယ်(၅)မြို့နယ်မှ ပြည်သူ သုံးသိန်း (၃၀၀၀၀၀) ခန့်သည် သွားလာရေး လမ်းကြောင်းပိတ်ခြင်း၊ ကုန်ဈေးနုန်းများ အဆမတန်မြင့်တက်နေခြင်း၊ ဆောက်လုပ်ရေး ပစ္စည်းများ ပြတ်လပ်နေခြင်းနှင့် စက်သုံးဆီများ ပြတ်လပ်နေခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။


ထို့အပြင် လက်ရှိ နိုင်ငံရေးနှင့် စစ်ရေး ပဋိပက္ခများကြောင့် ပြည်သူ လေးထောင်ခန့်ထက်မနည်း အိုးအိမ်စွန့်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။


ပူတာအိုခရိုင်ရှိ ပူတာအိုမြို့နယ်၊ နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ မချမ်းဘော့မြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ် (၅)မြို့နယ်တို့တွင် စက်သုံးဆီနှင့် ဒီဇယ် တစ်ဂါလံကို (၈၀၀၀၀) ကျပ်အထိ မြင့်တက်နေပြီး အရောင်းဆိုင်များလည်း အားလုံးနီးပါး ပိတ်ပင်ထားခဲ့ပြီ ဖြစ်ကြောင်း ပူတာအိုဒေသခံ မလိခူး (အမည်လွှဲ) ရေးသားတင်ပြထားသည်။


သတင်းဆောင်းပါး- မလိခူး


Comentarios


bottom of page