top of page

ပူတာအို-ခေါင်လန်ဖူး ကားလမ်းပိုင်း မြေပြို၊ တောင်ပြိုပျက်စီးမှုကြောင့် သွားလာရေးခက်ခဲပြီး ဒေသခံများ ခက်ခဲနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၈ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။




ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသသို့ ဆက်သွယ်ထားသည့် ကားလမ်းပိုင်းတွင် တောင်ပြို၊ ကမ်းပြိုပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် လမ်းကြောပိတ်ဆို့မှုဖြစ်ကာ သွားလာရေး ခက်ခဲနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ယင်းကားလမ်းပိုင်းပျက်စီးကာ ယိုယွင်းလာသည်မှာ မိုးတွင်းကာလ စတင်ဝင်ရောက်ချိန်ကတည်းက ဖြစ်ပေါ်နေပြီး၊ လက်ရှိမှာ သွားလာရန်ပင် ခက်ခဲနေသည့်အပြင် ကားလမ်းပိတ်ဆို့သည့် အခြေအနေသို့ ရောက်ရှိနေသည်ဟုဆိုသည်။


"ခေါင်လန်ဖူးကနေ ဒီပူတာအိုမြို့ထဲ ရောက်ဖို့လမ်းရှစ်ရက်တိတိ လျှောက်ခဲ့ရတယ်၊ ဘာယာဉ်မှသွားလို့ မရတော့ဘူး။ မိုးတွေကလည်း အဆက်မပျက်ရွာတာနဲ့ တောင်ပြိုတာတွေ၊ ကမ်းပါးပြိုတာတွေနဲ့ တံတားတွေပျက်စီးနေတာ နေရာတကာပဲ၊ ငါတို့ကဒီဘက်ကို ဆန်နဲ့ရိက္ခာခြောက်တွေ လာဝယ်တာ လူနဲ့သယ်သွားဖို့ဆိုတာ မလွယ်တော့ဘူး၊ ခြေထောက်တွေရော အကုန်ပွန်းပဲ့ကုန်ပြီ လမ်းတအားကြမ်းလို့လေ" ဟု ယင်းဒေသခံတစ်ဦးက ပြောသည်။


ယင်းဒေသရှိ ပြည်သူများမှာ ဇွန်လလယ်ပိုင်းမှ စတင်၍ သည်းထန်စွာ ရွာသွန်းလာသော မိုးများကြောင့် တောင်ပြို၊ကမ်းပြိုကာ လမ်းပိုမိုပိတ်ဆို့ခဲ့ပြီး ခြေကျင်ခရီးပင် ခက်ခက်ခဲခဲ သွားလာနေကြရကာမော်တော်ဆိုင်ကယ်များပင် ပိတ်မိနေကြရကြောင်း သိရသည်။


ထို့အပြင် ခေါင်လန်ဖူးဒေသခံ ရပ်မိရပ်ဖတစ်ဦးမှလည်း လက်ရှိတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကြောင့် ကျောင်းသားများ ကျောင်းမတက်နိုင်သေးသည့် အကြောင်းအရင်းကို ယခုကဲ့သို့ ထည့်သွင်းပြောဆိုထားသည်။


"ခေါင်လန်ဖူးဘက်က ကလေးတွေ တော်တော်များများကကျတော့ ဒီနှစ်မှာကျောင်းမထားနိုင်ကြတော့ဘူး၊ အရင်ကျောင်းစစဖွင့်တုန်းကလည်း ပူတာအိုဘက်မှာ ကျောင်းနေတဲ့ကလေးတွေက ပူတာအို-မြစ်ကြီးနားကားလမ်း ပိတ်ထားတဲ့ကာလဖြစ်တော့ ကုန်ဈေးနှုန်းမတတ်နိုင်ကြဘူးလေ၊ ဘော်ဒါတွေ၊ အဆောင်တွေ အများပိုင်းကလည်း ပိတ်ထားပြီး လက်မခံကြတော့ ကျောင်းမအပ်နိုင်ခဲ့ကြဘူး၊ ခေါင်လန်ဖူးဒေသတွင်းမှာကျတော့လည်း ဒီနှစ်ရဲ့ ဒေသအခက်အခဲတွေကြောင့် ကျောင်းဆရာ၊ဆရာမတွေ မလောက်တာရယ်၊ မလာနိုင်ကြတာရယ်ဆိုတော့ ပိတ်ထားရတဲ့ကျောင်းတွေတောင် ရှိနေတယ်"


ခေါင်လန်ဖူးဒေသခံများမှာ ယခင်၂၀၂၀ခုနှစ် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားချိန်ကတည်းက တရုတ်နယ်စပ်ဂိတ် ပိတ်ပင်ထားခဲ့ပြီး ပူတာအိုမြို့ဘက်မှ ရောက်ရှိလာသည့် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကိုသာ မှီခိုနေကြရသကဲ့သို့ ယခုနှစ်တွင်လည်း မြစ်ကြီးနား-ပူတာအိုကားလမ်း ပိတ်ပင်ထားပြီး ရေကြီးရေလျှံဖြစ်ပေါ်လာသောကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ ခက်ခဲနေကြရခြင်း ဖြစ်သည်။


သတင်း-မလိခူး


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page