ပါဂျောင်မီဒီယာ
၁၁ရက်၊ဇူလိုင်လ၊၂၀၂၄။
ရေကြီးရေလျှံမှုကြောင့် ကားလမ်းပိုင်းပျက်စီး၍ ပိတ်မိနေသည့် ကုန်တင်ကားများ ပူတာအိုဒေသသို့ ရောက်ရှိလာပေမယ့် ကုန်ဈေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ မြင့်တက်နေဆဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
ယင်းပိတ်မိနေသည့် ကုန်တင်ကားများမှာ ဇူလိုင်လ ၉ရက်နေ့တွင် ပူတာအိုမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး၊ ဒေသခံများပြောပြချက်အရ ကုန်တင်ကားများ ရောက်ရှိလာပေမယ့် ကုန်ဈေးနှုန်းမှာ ကျဆင်းသွားခြင်း မရှိဘဲ ပိုမိုဈေးတင်ကာ မြင့်တက်နေသည်ဟု ဆိုသည်။
"မနေ့ကတည်းကနေ ဒီနေ့အထိဆိုရင် ကုန်ကားတွေ ရောက်လာတာ အစီး(၈၀)မကတော့ဘူး၊ ကုန်တွေလည်း မြိုတွင်းထဲ တင်ချနေတာတွေ့တယ်၊ ဒါပေမယ့် ဈေးတွေက ကျမသွားဘူးဗျ။ ပိုတောင်တင်ရောင်းနေကြတာ။ နောက်လလောက်ကနေဆို နိုင်ရေးအခြေအနေကြောင့် ပိုတောင်လမ်းက ပိတ်တော့မယ့် အခြေအနေမျိုးလည်း ကြားနေရတော့ ငါတို့ဒေသကလူတွေ ပိုလို့တောင် ခက်ခဲမယ့် အခြေအနေပဲဗျာ" ဟု ပူတာအိုမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိ ပူတာအိုမြို့တွင်း ဆန်တစ်ပြည်လျှင် ကျပ်၁၀၀၀၀ မှ ကျပ်၁၂၀၀၀၀၊ ဓါတ်ဆီတစ်လီတာလျှင် ကျပ်၄၀၀၀၀နှင့် စားသုံးဆီတစ်ပိသာလျှင် ကျပ်၄၀၀၀၀ စသည်ဖြင့် ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်ပြီး ဆောက်လုပ်ရေး ပစ္စည်းများလည်း ရရှိနိုင်ခြင်းမရှိသေးကြောင်း ဆိုသည်။
မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်းကို နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များ၏တိုက်ပွဲများကြောင့်သုံးလကျော် ကြာမြင့်သည်အထိ ပိတ်ပင်ထားခဲ့ပြီးနောက် ကုန်ဈေးနှုန်းများ တဟုန်ထိုးထိုးတက်သွားခဲ့ပြီး၊ပြီးခဲ့သည့် ဇွန်လ ၁၀ရက်ကျော်နောက်ပိုင်း ယာယီပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် မိုးတွင်းကာလဖြစ်သောကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုကျခြင်းနှင့် တံတားများ ပြိုကျခြင်းကြောင့် ကားလမ်းပိုင်းပျက်စီးခဲ့ရသဖြင့် မြစ်ကြီးနား-ပူတာအိုကားလမ်း ထပ်မံ ပိတ်မိခဲ့ရသည်။
မြစ်ကြီးနားမှ ပူတာအိုသို့ တက်လာသည့် ကုန်ကားများသည် ဇူလိုင်လဆန်း အပတ်ကတည်းက လမ်းကြောပိတ်စို့သွားခြင်းကြောင့် ပိတ်မိနေခဲ့ပြီး ဆွမ်ဘရာဘွမ်နှင့် ပူတာအိုကြားတွင် ပိတ်မိနေခဲ့သည့် ကုန်ကားများမှာ နှစ်ပတ်ခန့် ပိတ်မိခဲ့ပြီးနောက် ယခုတစ်ပတ်အတွင်း ပူတာအိုမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။
ထို့အပြင် မြစ်ကြီးနားနှင့် တယာန်ဇွပ်ကျေးရွာရှိ အင်ဆွပ်တံတားလည်း ရေကြီးချိန် ကျိုးကျပျက်စီးသွားခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနား-ပူတာအိုလမ်း နေရာအများအပြားတွင် မြေပြိုခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ဖြတ်သန်းသွားလာရ ခက်ခဲပြီး လမ်းတွေပိတ်မိနေခဲ့သည်။
ထို့ကြောင့် ဆွမ်ဘရာဘွမ်နှင့် မြစ်ဆုံ(တန်ဖရဲ)ကြားတွင် ပိတ်မိနေသည့် ကုန်ကားများမှာ ပူတာအိုဘက်သို့ ရောက်ရှိနိုင်ရန် မလွယ်ကူသေးကြောင်းနှင့် လရှည်ကြာ လမ်းတံတားများ ပြုပြင်ရန် လိုအပ်နေကြောင်း သိရသည်။
သတင်း - မလိခူး
Comments