ပါဂျောင်မီဒီယာ
၂၊ ၈၊ ၂၀၂၄
![](https://static.wixstatic.com/media/c187ce_e468eb3913a54f70b2c3553aa83379bd~mv2.jpg/v1/fill/w_600,h_646,al_c,q_85,enc_auto/c187ce_e468eb3913a54f70b2c3553aa83379bd~mv2.jpg)
ကချင်ပြည်နယ် နေရာအများစုမှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသောအချိန်အတွင်း စစ်ရေးသတင်း နားစွင့်ရန် ခက်ခဲနေသောကြောင့် ညဘက်အပြင်ထွက်ခြင်းနှင့် အသွားအလား သတိပြုကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIA/KIO) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက သတိပေးပြောဆိုခဲ့ပါသည်။
လက်ရှိအချိန်တွင် ပြည်သူအချင်းချင်း ဆက်သွယ်ရန် ခက်ခဲနေမှုကြောင့် လက်နက်အသံများကို အမြဲ နားစွင့်ကြဖို့အပြင် တိုက်ပွဲ ရှိ/မရှိ သိရှိဖို့ ခက်ခဲသောကြောင့် ဝမ်းရေးအတွက် တောတောင်ထဲ အသွားအလားများသတိပြုကြဖို့ကိုလည်း ဗိုလ်မှုးကြီးနော်ဘူမှ ထည့်သွင်းပြောကြားခဲ့သည်။
“လေယာဉ်တွေ ထူးထူးခြားခြား ပျံသန်းတာတွေကိုလည်း အမြဲ နားစွင့် စောင့်ကြည်နေရမယ်။ အဆက်အသွယ် ဘာမှမရတော့ အပြင်ထွက်သွားလာတွေ ခရီးသွားတာတွေ သတိထားရမယ်။ ဝမ်းရေးအတွက် တောတောင်ထဲ သွားနေတာတွေ အရမ်းသတိထားရမယ်။ သတင်းမကြားရတဲ့အတွက် ဘယ်လိုမျိုး ရန်သူတွေ ရောက်နေတယ်ဆိုတာ မသိရဘူး။ တိုက်ပွဲဖြစ်လား မသိရတဲ့အတွက် အကုန် အခက်တွေ့မှာ စိုးရိမ်ရတယ်။ အဲဒါကြောင့် အဆက်အသွယ် လိုင်းတွေ မရမချင်းတော့ အပြင်ထွက် အသွားအလာ သတိပြုကြဖို့လိုတယ်” ဟု ပြောဆိုခဲ့ပါသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော် အပါအဝင် မြို့နယ် အများစုမှာ MPT, Oredoo, Mytel, Atom ဖုန်းလိုင်းဆက်သွယ်ရေး နှင့် အင်တာနက်လိုင်း ပြတ်တောက်ခဲ့ပြီး နှစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ "ယခုကဲ့သို့ ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသောကြောင့် ဒေသခံပြည်သူများ အဝေးရောက် မိသားစုဝင်များထံသို့ အဆက်အသွယ် မရရှိသောကြောင့် စိုးရိမ်ပူပင်နေကြကြောင်း" ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ် ကချင်မိသားစုများ ထံမှ ပါဂျောင်မီဒီယာသို့ ပြောကြားလာပါသည်။
လိုင်းများ ပြတ်တောက်နေသောအချိန်အတွင်း ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီ၏ ခလရ ၄၃၇ တပ်စခန်းရှိသည့် နေရာတွင် ဇူလိုင်လ ၂၄ ရက်နေ့က စပြီး တိုက်ပွဲပြန်လည် ပြင်းထန်လာခဲ့သည်ဟု သိရှိရသည်။ ထို့နည်းတူ စစ်ကောင်စီမှလည်း မြစ်ကြီးနားမြို့နယ်တဝိုက်တွင် မြို့ကာကွယ်ရန် အင်အားတိုးချဲ့ကာ စစ်ရေးအတွက် ပြင်ဆင်ထားကြောင်းလည်း ကြားသိရပါသည်။
Comments