ပါဂျောင်မီဒီယာ
၂၆ရက်၊စက်တင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_a6f6a1de97ff49c1bb5c24d0b9b69f5d~mv2.jpg/v1/fill/w_980,h_735,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_a6f6a1de97ff49c1bb5c24d0b9b69f5d~mv2.jpg)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် စက်တင် ဘာလအတွင်း KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားခဲ့ပြီး၊ ပြည်သူ့စစ်တပ်ဖွဲ့မှ ပြည်သူများ၏ နေအိမ်အတွင်း ဝင်ရောက်နေထိုင်ကာ ပစ္စည်းများခိုးယူသုံးစွဲမှုရှိနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ဝိုင်းမော်မြို့အတွင်း တစ်ခုထဲကျန်ရှိသည့် စစ်ကောင်စီ၏ ခြေလျှင်တပ်ရင်း ခလရ (၅၈)တပ်ရင်း အနီးတစ်ဝိုက်နေရာနှင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်နေရာများတွင် ထိတွေ့တိုက်ပွဲ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး၊ မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဆိုသည်။
“ညတိုင်းလိုလို ၉နာရီနဲ့ ၁၁နာရီကြားတွေမှာ လက်နက်ကြီးပေါက်ကွဲသံတွေ အမြဲတမ်းကြားနေရတယ်။ ဘယ်ကိုပစ်လဲဆို ဝိုင်းမော်ဘက်ပစ်တာ ဖြစ်နေတယ်။ တစ်ခါတစ်လေ မနက်အစောပိုင်းအချိန်တွေမှာတောင် ကြားရတယ်။ ဒီစက်တင်ဘာလထဲမှာပဲ အဲ့လို ကြားရတာ ခပ်စိပ်စိပ်ပဲ။” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။
ဝိုင်းမော်မြို့ ရွှေညောင်ပင်ကျေးရွာမှ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၂၁)စခန်းနှင့် စစ်ကောင်စီ၏ အခြားတပ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆိုပါ နေရာများသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အပြင် ဝူယာန်ပြည်သူ့စစ်တပ်ဖွဲ့များမှ ပြည်သူများ၏ နေအိမ်အတွင်း နေထိုင်ကာ အိမ်ရှင်များ၏ ပစ္စည်းများခိုးယူသုံးစွဲမှုများပါ လုပ်ဆောင်နေကြောင်း ထပ်မံသိရသည်။ အဆိုပါဖြစ်စဉ်များမှာ ဝိုင်းမော်-ဆဒုံ့သွားလမ်းမပေါ်ရှိ ဝါရှောင်ကျေးရွာ၊ တန်ဘောင်ကျေးရွာ၊ လဘန်ကျေးရွာအပြင် ပြည်သူ့စစ်စခန်းနှင့်နီးသည့်လူသူမနေထိုင်သည့် အခြားနေရာဒေသများပါဝင်နိုင်သည်ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဒေသများမှာ ပြီးခဲ့သည့် မေလပိုင်းမှစပြီး ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် ဘေးလွှတ်ရာနေရာဒေသအသီးသီးသို့ ကိုယ်ထူကိုယ်ထ ထွက်ပြေးတိမ်းရှောင်ခဲ့ရသောနေရာများဖြစ်သည်။
ဒေသခံများ ပြောဆိုချက်အရ KIA သိမ်းယူထားသည့် တပ်စခန်းနေရာများကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နိုင်ရန် တစ်ဖန်ပြန်လည် ကြိုးပမ်းနေသောကြောင့် စက်တင်ဘာလအတွင်း ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာခြင်းဖြစ်သည်။ ထို့အပြင် စက်တင်ဘာလဆန်းပိုင်းကတည်းက စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က လမြန်ကျေးရွာတွင် တည်ရှိသည့် ဆုတောင်းတောင်နေရာအထိ တပ်စွဲအခြေချနေထိုင်ရန် စစ်ကြောင်းထိုးကာ ပြင်ဆင်မှုများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
Komentarze