top of page

ပြင်ဦးလွင်မှ ပုဂ္ဂလိကကျောင်းအချို့ ၊ ဘာသာရေးကျမ်းစာကျောင်းအချို့ ယာယီပိတ်ထားရ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၄၊ ၈၊ ၂၀၂၄။



မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ပုဂ္ဂလိကစာသင်ကျောင်းများမှ ကျောင်းသူကျောင်းသားများ စစ်ရေးအခြေအနေစိုးရိမ်မှုကြောင့် နေရပ်ပြန်ကြသည့်အတွက် ကျောင်းအချို့ ယာယီပိတ်ထားကြောင်း သိရသည်။


ပြင်ဦးလွင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၅၀ကျောင်း၊ ပုဂ္ဂလိကကျောင်း၃၀နှင့် ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းရှစ်ကျောင်း၊ စုစုပေါင်း ၁၈၈ကျောင်းရှိပြီး ကျောင်းသူကျောင်း သားပေါင်း ၅၇,၀၀၀ ကျော် ပညာသင်ကြားလျက်ရှိကြောင်း ၂၀၂၄ခုနှစ်ပညာသင်နှစ်အခြေအနေကို ပြင်ဦးလွင်ခရိုင်ပညာရေးမှူးရုံးက ပြီးခဲ့သည့် ဇွန်လအတွင်းထုတ်ပြန်ထားသည်။


ပြင်ဦးလွင်မြို့တွင် ကိုယ်ပိုင်အထက်တန်းကျောင်းများစွာရှိပြီး မြန်မာနိုင်ငံအရပ်ရပ်မှ ကျောင်း သူကျောင်းသားများ လာရောက်ပညာသင်ကြားနေကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်တ လောဖြစ်ပွားနေသောတိုက်ပွဲများသည် စစ်တက္ကသိုလ်များတည်ရှိသည့် ပြင်ဦးလွင်မြို့သို့ ကူးစက်လာ နိုင်သည့် ခန့်မှန်းချက်များကြောင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသူကျောင်းသားများကိုလည်း မိဘ များက လာရောက်ခေါ်ဆောင်မှုများရှိနေပြီး ကျောင်းအချို့ယာယီပိတ်ထားခြင်းဟု မြို့ခံအချို့ကပြော သည်။


ကျောင်းကတော့ဖွင့်တယ်။ တချို့ ဘော်ဒါလာနေတဲ့ ကလေးတွေက နယ်ဝေးကနေလာကြတော့ မိဘတွေက စိတ်ပူလို့ခွင့်နဲ့ခေါ်ချင်ရင်ပေးပြန်တယ်။ ရှိတဲ့ကလေးတွေနဲ့ စာတော့ ဆက်သင်နေပါတယ် ဟု ပြင်ဦးလွင်မြို့ရှိ ပုဂ္ဂလိကကျောင်းတ‌ကျောင်းမှ ဘော်ဒါဆောင်တာဝန်ခံတဦးက ပြောသည်။


ပြင်ဦးလွင်မြို့ရှိ ပုဂ္ဂလိကကျောင်းအချို့ပိတ်ထားသော်လည်း အစိုးရကျောင်းများ ဖွင့်လှစ်ထား ဆဲဟု မြို့ခံအချို့ကပြောသည်။ သို့သော် စစ်ဘေးရှောင်သူအချို့သည် ‌၎င်းတို့၏ ကလေးများအား ကျောင်းမတက်စေတော့ဘဲ အခြားမြိုများသို့ ယာယီတိမ်းရှောင်မှုများရှိနေသည်။


“ စစ်တပ်ထဲက လူတွေတောင် ရှောင်နေကြတော့ ကျမတို့လည်း မနေရဲဘူး။ ကလေးကိုလည်း ကျောင်းမထားရဲတော့ဘူး။ ကလေးကို ကျောင်းဘယ်လိုထားရမယ်ဆိုတာ မစဉ်းစားနိုင်သေးဘူး တခြားတစ်နေရာကို ခဏလာရှောင်နေတယ်။”ဟု ပြင်ဦးလွင်မြို့မှ ထွက်ခွာလာသည့် ကျောင်းသားမိ ဘတဦး ကပြောသည်။ ပြင်ဦးလွင်မြို့နှင့် ၁၉ မိုင်ခန့်အကွာရှိ ဘန့်ဘွေးကျေးရွာ၊၁၂ မိုင်ခန့်ကွာဝေးသည့်ဝက်ဝံကျေးရွာတို့တွင် စစ်ကောင်စီက လက်နက်ကြီးများတပ်ဆင်၍ ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။


ထို့နည်းတူ ကချင်စုရပ်ကွက်မှ ဘာသာရေးကျမ်းစာကျောင်းသား/ကျောင်းသူအချို့ကိုလည်း နေရပ်သို့ ပြန်လည်ထွက်ခွါသွားကျောင်းနှင့် ယခုနှစ် နှစ်ဝက်စာသင်နှစ်ကို စောစီးစွာနားခဲ့ရကြောင်း တာဝန်ရှိသူမှ ပါဂျောင်မီဒီယာသို့ ပြောကြားလာခဲ့သည်။


မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် မဟာမိတ်များ ဖော်ဆောင်နေသည့် တိုက်ပွဲများသည် ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့ကြား ကျေးရွာအချို့သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် မဟာမိတ်များနှင့်အတူပူးပေါင်းဖော်ဆောင်နေသည့် ရှမ်း−မန်း စစ်ဆင်ရေးသည် မန္တလေးတိုင်းသို့ ထိုးဖောက်ဝင်ရောက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာထားသည်လည်းရှိသည်။


ပြင်ဦးလွင်မြို့နှင့် နီးကပ်လာသည့် တိုက်ပွဲများကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီတပ် အသိုင်း အဝိုင်းများနှင့် ဒေသခံအချို့သည် ဩဂုတ်လ ၇ ရက်နေ့မှ စတင်၍ မန္တလေးမြို့အပါအဝင် မြို့အချို့သို့ တိမ်းရှောင်ခဲ့ကြကြောင်း ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောသည်။


Comentários


Pajau Media

Thanks for subscribing!

bottom of page