top of page

ပြင်းထန်လာသောစစ်ရေးတင်းမာမှုများကြောင့် ဝိုင်းမော်-ဗန်းမော် ကားလမ်းတစ်လျှောက်ရှိရွာများမှ ဒေသခံများ ထပ်မံရှောင်တိမ်းနေရ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၈ရက်၊ မတ်လ၊ ၂၀၂၄


ကချင်လွတ်‌ေမြာက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးပြင်းထန်လာမှုများကြောင့် တစ်ချိန်ကစစ်ရှောင်ခဲ့ရသော ဝိုင်းမော်-ဗန်းမော် ကားလမ်းတစ်လျှောက်ရှိရွာများမှ ဒေသခံရွာသားများ ယခုအချိန် တစ်ဖန်ပြန်လည် အိုးအိမ်စွန့်ကာ စစ်ဘေးပြန်၍ရှောင်နေကြရသည်။


တစ်ချိန်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ် တို့၏ နှစ်ဖက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ကာ စစ်ဘေးရှောင်ခဲ့ရသော ဝိုင်းမော်-ဗန်းမော်ကားလမ်းမတစ်လျှောက်ရှိ ဂါးရာယန်၊ ဒဘတ်ယန် နှင့် ကဇူးယန်ရွာများတွင်နေထိုင်သော ဒေသခံပြည်သူများသည် ယခင်နှစ်များတွင် စစ်ရေးအခြေအနေ ပြန်လည်တည်ငြိမ်လာသောကြောင့် မိမိဒေသများသို့ ပြန်ကာ နေထိုင်ကြသော်လည်း၊ ယခုအချိန်တစ်ဖန်ပြန်လည်ဖြစ်ပွားလာသော စစ်ရေးအခြေအနေပြင်းထန်မှုများကြောင့် ရွာကိုစွန့်ကာ နောက်တစ်ကြိမ် ပြန်လည်စစ်ဘေးရှောင်နေကြရသည်။


ဂါးရာယန်ဒေသခံတစ်ဉီး၏ပြောဆိုချက်အရ “တစ်ချို့ရွာသားတွေက အရင်ကနေခဲ့တဲ့ မိုင်းနားစစ်ရှောင်စခန်းမှာပဲ ပြန်သွားနေမယ်ဆိုပြီး မိုင်းနားစစ်ရှောင်စခန်းကိုပြန်ရောက်လာကြတယ်။ တစ်ချို့ ကျတော့ ဒီဝိုင်းမော်ဒေသ တစ်ဝိုက်မှာမဟုတ်ပဲ သူတို့ လုံခြုံတယ်လို့ ထင်ရတဲ့ တစ်ခြား ဝေးတဲ့နေရာတွေ ဘက်ကိုစစ်ရှောင်သွားကြတယ်။” ဟုပြောသည်။

လွန်ခဲ့သော စနေနေ့ ညနေပိုင်းတွင် အောင်မြေ(၂) ကျေးရွာ မှ ဒေသခံများ နှင့် ဂါးရာယန်ကျေးရွာမှဒေသခံများ သည်လည်း ပြင်းထန်လာသောစစ်ရေးအခြေအနေများကြောင့် လဘန်ကထောင်ကျေးရွာ ဘက်သို့ ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ခုကပြောသည်။


ဝိုင်းမော်မြို့နယ်တွင် ပြီးခဲ့သော သတင်းနှစ်ပတ်အတွင်း စစ်ရေးအခြေအနေများ တဖြည်းဖြည်းပြန်လည်ပြင်းထန် လာသောကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် ယာယီစစ်ရှောင်စခန်းများတွင် ခိုလှုံကာ စစ်ဘေးရှောင်နေကြရသည်။ ထို့သို့ ပြင်းထန်လာသော စစ်ရေးအခြေအနေများကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများမှာ အစားအသောက်နှင့် ဆေးဝါးလုံလောက်မှုမရရှိကာ တစ်ချို့သောစစ်ဘေးရှောင် သက်ကြီးရွယ်အိုများမှာ အသက်ပင်ဆုံးရှုံးခဲ့ကြရသည်။


ထို့ပြင် လွန်ခဲ့သော မတ်လ (၈)ရက်နေ့တွင်လည်း ဝိုင်းမော်-ဗန်းမော်ကားလမ်းမပေါ်ရှိ အောင်မြေ (၂) ကျေးရွာတွင်နေထိုင်သောဒေသခံများမှာ ကချင်လွတ်‌ေမြာက်ရေးတပ်မတော် (KIA) နှင့်စစ်ကောင်စီတပ်များ၏ နှစ်ဖက်တိုက်ပွဲအခြေအနေများကြောင့် အောင်မြေ(၂)ကျေးရွာရှိဘုန်းကြီးကျောင်းတွင် တစ်ပတ်ခန့် ပိတ်မိ နေခဲ့ပြီး၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) နှင့် အသင်းတော်အသီးသီး၏ အာဏာပိုင်အဖွဲ့အစည်းများထံ အကြိမ်ကြိမ်သွားရောက် ညှိနှိုင်းတောင်းဆိုမှုကြောင့် မတ်လ (၁၃)ရက်နေ့မှ အာဏာပိုင်များထံမှ ခွင့်ပြုချက်ရကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရှိရသည်။


မတ်လ (၇)ရက်နေ့က စတင်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက် ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်လာကာ ယင်း ကားလမ်းမတစ်လျှောက်ရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။

2 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page