ပါဂျောင်မီဒီယာ
၂၉၊ ၈၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_bbe96e5bf93441c2b358efc5c7932da4~mv2.jpg/v1/fill/w_720,h_540,al_c,q_85,enc_auto/c187ce_bbe96e5bf93441c2b358efc5c7932da4~mv2.jpg)
ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမကြီးတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ တိုးမြင့်လာပြီး၊ ဂိတ်ကြေးပိုမိုတောင်းခံလာသည့်အပြင် လမ်းခရီးခက်ခဲကြမ်းတမ်းသည့် ကားလမ်းပိုင်းတွင် လယ်ထွန်စက်များဖြင့် ဆွဲတင်ရသောကြောင့် ပျက်စီးနေသည့် လမ်းပိုင်းများကို ပြင်ဆင်စေလိုသည်ဟု ကားသမားများက ပြောသည်။
“ပျက်စီးလို့ လယ်ထွန်စက်နဲ့ ဆွဲတင်ရတဲ့ နေရာက ဆယ်နေရာကျော်လောက် ရှိတယ်။ တစ်ချို့ကားလမ်းပိုင်းတွေက ရွာအဝင်အထွက်နဲ့ ရွာလယ်မှာတင် ပျက်စီးနေတာတွေရှိတယ်။ အဲ့တာကို မပြင်ကြဘူး။ လယ်ထွန်စက်နဲ့ဆွဲတင်ပြီး ဆွဲခယူနေကြတယ်။ ကိုယ့်ရွာအနီးအနားအတွင်း ဖြစ်နေတာကိုတော့ တာဝန်ရှိသူတွေရော ဒေသခံတွေရော ပူးပေါင်းပြီး ပြင်ဆင်သင့်တယ်လို့ မြင်တယ်။ တစ်ခြားတောဘက်တွေမှာတော့ မဆိုလိုချင်ဘူးလေ။” ဟု မြစ်ကြီးနား-တနိုင်းတွင် ပြေးဆွဲသည့် ကားသမားတစ်ဦးက ပြောသည်။
မြစ်ကြီးနားမှ တနိုင်းမြို့အထိ စစ်ဆေးရေးဂိတ် စုစုပေါင်း ၁၂ဂိတ်အထိရှိနေပြီး၊ စစ်ဆေးရေးဂိတ်တစ်ခုတွင် အနည်းဆုံး နှစ်သောင်းကျပ်မှ အမြင့်ဆုံး နှစ်သိန်းကျပ်အထိ အကောက်အခွန်ကြေး ပေးဆောင်ရသည့်အပြင် လမ်းခရီးကြမ်းတမ်းသောကြောင့် လယ်ထွန်စက်ဖြင့် ဆွဲတင်ရသည့် လမ်းပိုင်းများလည်း ကားအကြီး၊ အသေးနှင့် ခြောက်ဘီးကား၊ ဆယ့်နှစ်ဘီးကား စသည့် ကားအမျိုးအစားအလိုက် သုံးသောင်း၊ ရှစ်သောင်းမှ တစ်သိန်း၊ နှစ်သိန်းအထိ ပြန်လည်ပေးဆောင်ရသောကြောင့် ကားသမားများမှာ ငွေကြေးပမာဏများစွာ ပေးဆောင်မှသာလျှင် တနိုင်းမြို့အဝင် ရောက်ရှိကြသည်ဟု ဆိုသည်။
![](https://static.wixstatic.com/media/c187ce_9fdfafe6bbbc405ba4690ead580f6b3d~mv2.jpg/v1/fill/w_840,h_564,al_c,q_85,enc_auto/c187ce_9fdfafe6bbbc405ba4690ead580f6b3d~mv2.jpg)
ကားသမားများ ပြောဆိုချက်အရ မြစ်ကြီးနားမှ တနိုင်းမြို့အဝင်အထိ လယ်ထွန်စက်ဖြင့် ဆွဲတင်ရသည့် ပျက်စီးနေသည့်လမ်းပိုင်းမှာ ဆယ်နေရာထက်မနည်း ရှိနေသောကြောင့် တာဝန်ရှိသူများမှ အမြန်ဆုံးပြင်ဆင်စေလိုသည်ဟု ပြောသည်။
“ပိုဆိုးတာက တစ်လီတာရှိတဲ့ ရေသန့်ကို လေးထောင်နဲ့ ရောင်းတာက ကုန်ပစ္စည်းပြတ်လို့ ရှိတာကို ရောင်းနေကြတာဆိုတော့ ဘာမှမပြောလိုပေမယ့်၊ ရေတွင်းက ရေကိုခပ်ပြီး 0.6လီတာပဲရှိတဲ့ ရေသန့်ဗူးသေးထဲမှာထည့်ပြီး တစ်ထောင်ဆိုပြီး ရောင်းနေကြတာက မဖြစ်သင့်ဘူးလေ။ သူ့ဟာသူထွက်နေတဲ့ ရေတွင်းကရေကိုတောင် စီးပွားဖြစ်လုပ်နေကြတာက အဆိုးဆုံးပဲ။” ဟု အထက်ပါကားသမားက ဆက်ပြောသည်။
မြစ်ကြီးနား-တနိုင်းသွားကားလမ်းပိုင်းမှာ ယခင်ကတည်းက လမ်းခရီးခက်ခဲကြမ်းတမ်းသည့်အပြင် မိုးရာသီအချိန်ကာလ လမ်းခရီးပိုမို ကြမ်းတမ်းသောကြောင့် အချို့ကားလမ်းပိုင်းနေရာများတွင် ကားမသွားနိုင်ပဲ လယ်ထွန်စက်ဖြင့် ဆွဲတင်ကာ လမ်းခရီးဆက်ကြရသည်။
ထို့ကြောင့် တနိုင်းလီဒူလမ်းမကြီး ကားလမ်းပိုင်းတွင် ပြေးဆွဲသည့် ကားသမားများမှာ စက်သုံးဆီဈေးနှုန်း အပါအဝင် မြစ်ကြီးနားမှ အတက်လမ်းကြောင်းတစ်ခုလျှင်ပင် အနည်းဆုံးသိန်းသုံးဆယ်ကျပ်အထိ အကုန်အကျခံပြီး၊ အသွားအပြန် လေးရက်သာရှိသည့် လမ်းပိုင်းကိုလည်း ဆယ့်နှစ်ရက်ကြာ ပြေးဆွဲနေရကြောင်း ထပ်မံသိရသည်။
Comments