ပါဂျောင်မီဒီယာ
၁၈ရက်၊စက်တင်ဘာလ၊၂၀၂၄။
ရာသီဥတုကြောင့် ပျက်စီးခဲ့ရသည့် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းကို လတ်တလောသွားလာနိုင်ရန် ပြင်ဆင်မွမ်းမံမှုသာ ဆောက်လုပ်နိုင်ပြီး၊ စက်တင်ဘာလဆန်းပိုင်းမှစ၍ ကားအသေးများနှင့် စက်သုံးဆီသယ်ကားကြီးများ သွားလာနေပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
“အခုက ဆီသယ်ကားတွေ ခရီးသွားကားတွေ အားလုံးသွားလို့ရပြီ။ မော်တော်ကားအကြီးတွေ ပြေးဆွဲတာက လဆန်း၅ရက်လောက်ကတည်းက ဟုတ်တယ်။ လမ်းက အတော်လည်း ပြင်ရအုံးမယ်။ ဖုန်အင်ချောင်းကနေ ခင်ဒူယာန်ကျေးရွာအထိဆို နည်းနည်းစီ ပျက်စီးတဲ့လမ်းပိုင်းတွေ နေရာ ၅၀ လောက်ရှိသေးတယ်။ အဲ့တာတွေကို လတ်တလော သွားလာနိုင်အောင်ပဲ ပြုပြင်ထားတယ်။” ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။
ပျက်စီးသွားသည့် လမ်းပိုင်းများနှင့် ပတ်သတ်၍ သက်ဆိုင်ရာ KIO အစိုးရမှ တာဝန်ယူပြုပြင်နေဆဲ ဖြစ်သည့်အပြင် ရာသီဥတုပြင်းထန်သောကြောင့် မြေပြိုကျသွားသည့်အထဲ ပါသွားသည့် လမ်းပိုင်းတစ်ဝက်လောက်ရှိကြောင်း သိရသည်။ မြေပြိုကျသည့်ထဲ ပါသွားသည့် လမ်းပိုင်းကို မြေပြန်ဖို့ကာ ပြင်ဆင်ထားသည့်အပြင် တစ်လမ်းလုံး မြေမြုပ်သွားသည့် ဆူယာန်ကျေးရွာမှာတော့ သစ်လုံးကြီးခင်းကာ မြေပြန်ဖို့ခြင်းဖြင့် ပြင်ဆင်ထားသည်ဟု ဆိုသည်။
ကားလမ်းပိုင်းကို လတ်တလောသွားလာနိုင်ရန်သာ ပြုပြင်ဆောက်လုပ်ထားသောကြောင့် ကားအသေးများမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်နေပေမယ့် စက်သုံးဆီသယ် ကားကြီးများမှာ စက်သုံးဆီအများဆုံး ပေပါ၅၀အထိသာ သယ်ယူပို့ဆောင်နိုင်ကြောင်း ကန့်သတ်ထားကာ ဖြတ်သန်းခွင့်ပြုနေကြောင်း ထပ်မံသိရသည်။
မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းပိုင်းကို ပြီးခဲ့သည့် မတ်လကတည်းက နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် သုံးလကျော်ကြာခန့် ပိတ်ပင်ထားခဲ့ပြီးနောက် ဇွန်လကုန်ပိုင်းတွင် နှစ်ဖက်သဘောတူညီမှုဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ကားလမ်းပြန်ဖွင့်ပြီး များမကြာမှီ ဇူလှိုင်လဆန်းပိုင်းတွင် ရာသီဥတုကြမ်းတမ်းသောကြောင့် ကားလမ်းများ မြေပြိုကျ ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများမှ ပြောကြားလာသည်။
ပုံ -ပုံဟောင်း
Comments