ပါဂျောင်မီဒီယာ
၂၃ရက်၊စက်တင်ဘာ၊၂၀၂၄။
တရုတ်နယ်စပ်ဒေသဖြစ်သည့် မိုင်ဂျာယာန်နှင့်လိုင်ဇာမြို့သို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများမှာ မိမိနေရပ်ရင်းဒေသတွင် တောင်ယာ၊ လယ်ယာနှင့် စိုက်ခင်း လုပ်ငန်းလုပ်ကိုင်ကြပေမယ့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာသောကြောင့် သွားလာရေးအတွက်ခက်ခက်ခဲခဲ သွားလာနေရပြီး စားဝတ်နေရေးအတွက် ခက်ခဲနေသည်ဟု ပြောသည်။
“နယ်စပ်ဒေသဖြစ်တဲ့အတွက် တရုတ်ငွေပဲ အဓိကကိုင်ကြတယ်။ဗမာကျပ်ငွေက တန်ဖိုးမရှိသလောက် ဖြစ်လာတယ်။ တစ်နေ့လုပ်တစ်နေ့စားတောင် ခက်ခဲနေတော့ မိသားစုအတွက် အရမ်းခက်ခဲလာတယ်။ အခုက KIO ထိန်းချုပ်နယ်မြေဖြစ်သွားပြီဆိုတော့ နယ်စပ်ကို ထွက်ပြေးလာတဲ့ စစ်ရှောင်တွေက ကိုယ့်နေရပ်ရင်းမှာ တောင်ယာ၊ လယ်ယာလုပ်ကိုင်ကြသူတွေများလာတယ်။ အဲဒီမှာ စက်သုံးဆီဈေးက ပြန်တက်တော့ အရမ်းခက်ခဲနေတယ်။” ဟု နယ်စပ်ဒေသမှ စစ်ရှောင်တစ်ဦးက ပြောသည်။
စက်တင်ဘာလဆန်းပိုင်းမှစပြီး စက်သုံးဆီဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာပြီး မိုင်ဂျာယာန်နှင့် လိုင်ဇာမြို့တွင် လက်ရှိ စက်သုံးဆီတစ်လီတာလျှင် တစ်သောင်းရှစ်ထောင်မှ နှစ်သောင်းကျပ်အထိ မြင့်တက်နေပြီး တရုတ်ငွေယွမ်ဖြင့်သာ အဓိကဝယ်ယူသုံးစွဲကြရသည်။
နယ်စပ်ဒေသမှ စစ်ရှောင်များမှာ နမ်ဆန်ယာန်၊ ကန်တော်ယန်၊ အင်ပေါန်နှင့် နော့ဂူကျေးရွာ စသည့်ဒေသများတွင် ကိုယ်ထူကိုယ်ထ တောင်ယာ၊လယ်ယာနှင့် စိုက်ခင်းများ အသွားအပြန် လုပ်ကိုင်ကြသော်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်သည့်အပြင် တရုတ်ငွေဈေးနှုန်းပါ မြင့်တက်လာသောကြောင့် ခက်ခဲနေကြခြင်း ဖြစ်သည်ဟု ပြောသည်။
လက်ရှိ တရုတ်ငွေဈေးနှုန်းမှာ မြန်မာကျပ်ငွေ တစ်သိန်းကျပ်လျှင် တရုတ်ငွေယွမ်၁၃၀မှ၁၅၀အကြားရှိပြီး၊ မြန်မာကျပ်ငွေ တန်ဖိုးလျော့နည်းလာသောကြောင့် ဝယ်ယူစားသောက်ရေးတွင် အခက်အခဲများစွာ ကြုံတွေ့လာရသည်ဟု စစ်ရှောင်များက ပြောသည်။
ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တရုတ်နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာစုစုပေါင်း ၁၃ရွာအထိရှိနေပြီး ယင်းစစ်ရှောင်အများစုမှာ တောင်ယာ၊လယ်ယာလုပ်ငန်းအပြင် ကြံစိုက်ခင်းနှင့် ရှောက်ကော့စိုက်ခင်း လုပ်ကိုင်ကြသူများဖြစ်သည်။
၂၀၂၁ခုနှစ် နိုင်ငံအာဏာသိမ်းခံရပြီးနောက် ကချင်ပြည်နယ်အတွင်း နေ့စဉ်တိုက်ပွဲများ ပြင်းထန်လာသည့်အပြင် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် ရှစ်သောင်းကျော် ထပ်တိုးလာခဲ့သည်။ ယခင် ၂၀၁၁ခုနှစ် တကြော့ပြန်တိုက်ပွဲမှ ယခုနှစ် ၂၀၂၄ခုနှစ်အထိ ကချင်ပြည်နယ် စစ်ရှောင်လူဦးရေမှာ ၁၉၄,၉၀၀အထိ ရှိနေပြီဖြစ်သည်။
Comments