top of page

နမ္မတီးမြို့တွင် ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်များမှ လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေ

Writer: Pajau MediaPajau Media

Updated: Feb 20

ပါဂျောင်မီဒီယာ။

၁၉ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့မှ ကန်းလှ(Kan La) လမ်းဆုံနေရာတွင် ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။


“မနေ့က မနက်ကတည်းက ဟုတ်တယ်။ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်တွေက အစစ်အဆေး တင်းတင်းကြပ်ကြပ် လုပ်လာတယ်။ ကားတွေဆိုလည်း အကုန်လုံး နှံ့နှံ့စပ်စပ်ကို ရှာဖွေစစ်ဆေးနေတာ။ ဆိုင်ကယ်ဆိုလည်း တူးဘောက်ကအစ ဖွင့်ခိုင်းပြီး အကုန်ရှာဖွေ စစ်ဆေးနေတာ။” ဟု နမ္မတီးဒေသခံတစ်ဦးက ပြောသည်။


ယမန်နေ့ ဖေဖော်ဝါရီ ၁၈ရက်နေ့ နံနက်ပိုင်းမှစပြီး ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ စစ်သားအင်အား (၁၀)ဦးကျော်က စစ်ဝတ်စုံအပြည့်အစုံဖြင့် သေနတ်ကိုင်ဆောင်ကာ လမ်းသွားလမ်းလာ ပြည်သူများနှင့် ကားဆိုင်ကယ်များကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ကန်းလှလမ်းဆုံနေရာသည် မြစ်ကြီးနားမှ မန္တလေးသွား ကားလမ်းမကြီးနှင့် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမကြီး လမ်းဆုံနေရာတွင် တည်ရှိပြီး ဒေသခံများ ပြောဆိုချက်အရ ၂၁မိုင်ဂိတ်အကျော် နမ္မတီးမြို့အဝင် ကျောက်တောင်ကုန်းနေရာတွင်လည်း စစ်ကောင်စီတပ် အင်အား(၁၀)ဦးကျော်က မကြာခဏ အစစ်အဆေး မေးမြန်းခြင်းများ လုပ်ဆောင်နေတတ်ကြောင်း သိရသည်။


ထို့အပြင် နမ္မတီးဒေသတွင် စစ်ကောင်စီမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်နေ့ကတည်းက တစ်အိမ်ဝင်တစ်အိမ်ထွက် အမည်စာရင်းကောက်ယူပြီး စစ်မှုထမ်း တပ်သားသစ် စုဆောင်းရေးလုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။


ယခုကဲ့သို့ တပ်သားသစ်စုဆောင်းရေးအပြင် စစ်တပ်က လမ်းဆုံလမ်းခွနေရာ၊ လမ်းမကြီးများပေါ်တွင် နေရာယူ တပ်စခန်းချနေထိုင်ကာ လမ်းသွားလမ်းလာ ပြည်သူများကို ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံများ စိုးရိမ်နေကြရသည်ဟု ဒေသခံများက ပြောသည်။


သတင်း - MK


Comments


Pajau Media

Thanks for subscribing!

bottom of page