top of page

နမ္မား ညောင်ပင်သာကျေးရွာမှ ဒေသခံပြည်သူများ လက်နက်ကြီး ထပ်မံကျရောက်မည် စိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေရ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၃ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မား ညောင်ပင်သာကျေးရွာမှ ရွာသားများသည် လက်နက်ကြီးကျည်‌ ထပ်မံကျရောက်မည်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ပြီးခဲ့သည့် ဇန္နဝါရီလတွင် နမ္မားညောင်ပင်သာကျေးရွာသို့ စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန်ပြီး လူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများရှိခဲ့ပြီး၊ ဧပြီလ၁ရက်နေ့၌လည်း မိုးညှင်းတက္ကသိုလ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ နမ္မားညောင်ပင်သာရွာအနီးရှိ လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခြင်းများ ရှိခဲ့သောကြောင့် ထပ်မံကျရောက်လာမည်ကို စိုးရိမ်ခြင်းဖြင့် တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။


"မိုးညှင်းဖက်က ပစ်လိုက်တဲ့ လက်နက်ကြီးက ရွာနားက လယ်ကွင်းထဲကျတာ အငွေ့လုံးကြီးတောင် အကြီးကြီးမြင်ရတယ်။ တစ်လပိုင်းလကုန်တုန်းကလဲ အဲ့လိုဘဲ။ တိုက်ပွဲမဖြစ်ဘဲနဲ့ လက်နက်ကြီးထုလို့ ရွာထဲကျတာ။ ရွာထဲက သားအမိနှစ်ယောက် သေသွားတယ်။ သေတာကအားလုံး ၃ယောက်။ ဒါဏ်ရာရတာက 5ယောက်။ အဲ့လိုဖြစ်ပြီး တစ်ရက်ခြားမှာဘဲ ဇန်နဝါရီ၂၉ရက်နေ့မှာ ကားလမ်းပေါ် လက်နက်ကြီးပြန်ကျလို့ တစ်ယောက်ကသေတယ်။ တစ်ယောက်က ဒါဏ်ရာရတယ်။ တိုက်ပွဲဖြစ်တယ်ဆိုရင်က ရှောင်တိမ်းလို့ရသေးတယ်။ အခုဟာက ဒီတိုင်းကိုယ့်အိမ်မှာကိုယ် နေနေရင်းနဲ့ သေရတာဆိုတော့ ကြောက်စရာကောင်းတယ်။ အဲ့လိုအဖြစ်တွေရှိနေတော့ လက်နက်ကြီးသံကြားရင်ကိုမှ တစ်ရွာလုံးကြောက်လန့်ပြီး ရွာထဲမနေရဲကြတော့ဘူး။" ဟု ဒေသခံတစ်ဦးက ပြောသည်။


လယ်ကွက်ထဲသို့ကျရောက်၍ မပေါက်ကွဲသေးသော လက်နက်ကြီးများကို စစ်တပ်မှ လာရောက်သိမ်းယူခြင်းမရှိဘဲ ရဲနှင့် အရပ်သားပြည်သူများကို တူးဖော်ခိုင်း၍ စစ်တပ်သို့ ပို့ဆောင်ပေးခဲ့ရသည်ဟု ဆိုသည်။

"လယ်ကွင်းထဲမှာ မြေပျော့လို့ မကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို ပေါက်ပြားနဲ့ ရွာသားတွေကို တူးခိုင်းတာ ရဲတွေက ဘေးကနေ စောင့်ကြည့်နေကြတယ်။ တူးလို့ရတော့မှ ရဲတွေက စစ်တပ်ထဲကို သယ်သွားပေးရတာ"ဟု ထပ်မံပြောပြသည်။


လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေသော နမ္မားအမြောက်တပ်မှ ထိခိုက်ဒါဏ်ရာ ရသူများနှင့် သေဆုံးသူများကို တာဝန်ယူ‌၍ ဆေးကုသပေးခြင်းမရှိဘဲ အမြောက်တပ်မှ တပ်ရင်းမှူးဖြစ်သူက ၎င်းတို့မှ ပစ်ခတ်လိုက်ခြင်း မဟုတ်ကြောင်း ငြင်းဆိုထားပြီး၊ တစ်ဖက်မှာလဲ တပ်သားအဆင့်စစ်သားများမှ နမ္မားညောင်ပင်သာကျေးရွာတွင် PDF များ ရှိနေလို့ တမင်ပစ်ခတ်တာဖြစ်နိုင်ကြောင်း ဒေသခံများ ပြောဆိုကြသည်။


သတင်း - ကချင်ပြည်သား


3 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page