top of page

နေရပ်ရင်းသို့ ပြန်လာကြသည့် ဆွမ်ပရာဘွမ်ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၃၀ရက်၊ဩဂုတ်လ၊၂၀၂၄။



နေရပ်ရင်းသို့ ပြန်လာနေထိုင်နေကြပြီဖြစ်သည့် ဆွမ်ပရာဘွမ်ဒေသခံ ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲဖြစ်သည်ဟု ဆွမ်ပရာဘွမ်ဒေသခံများက ပြောသည်။


တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ဆွမ်ပရာဘွမ်ဒေသခံများမှာ ပြီးခဲ့သည့် ဇွန်လဆယ့်နှစ်ရက်နေ့တွင် နေရပ်ရင်းသို့ ပြန်လာခဲ့ကြပြီးဖြစ်သည်။ သို့သော် တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးယိုယွင်းခဲ့သည့် နေအိမ်အဆောက်အအုံများ များပြားသောကြောင့် ဒေသခံများ ပြန်လည်ထူထောင်ရာမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲဖြစ်ကြောင်း သိရသည်။


“အဲဒီမှာ ပြည်သူတွေအတွက် ဘာတွေခက်ခဲနေလဲဆိုတော့ အခုက စာသင်ကျောင်းတွေလည်း ဖွင့်ထားတယ်။ အဲ့ဒီမှာ သင်ကြားရေး ဆရာ၊မတွေ မလောက်တဲ့ ပြသာနာအခက်အခဲ ရှိနေတယ်။ နောက်ပြီးတော့ ကျန်းမာရေးပေါ့။ အခုဆိုရင် လမ်းပမ်းဆက်သွယ်ရေးကလည်း အရင်လိုသွားလာလို့ အဆင်မပြေတဲ့ အခြေအနေလည်း ဖြစ်နေသလို ဆေးဝါးလက်လှမ်းမှီနိုင်မှုမရှိဘူး။ ကျန်းမာရေးဆိုင်ရာ ဆရာ၊မတွေ မလောက်ဘူး၊ အဲ့လိုကဏ္ဍတိုင်းမှာပါပဲ။ ဌာနဆိုင်ရာတွေ အကုန်လုံးက အသစ်ကနေ ပြန်လည်ထူထောင်ရတဲ့ အခြေအနေဖြစ်နေတော့ လူ့အရင်းအမြစ်လည်း မရှိဘူး၊ မလောက်ဘူးပေါ့။ တကယ့်စေတနာနဲ့ တစ်ခြားနေရာဒေသကနေ ပညာတတ်လူငယ်လူရွယ်တွေလာရောက် ဆက်ကပ်ပေးဖို့ အရမ်းပဲလိုအပ်နေတယ်” ဟု ဆွမ်ပရာဘွမ်ဒေသခံ ဘာသာရေးဆရာတစ်ဦးက ပြောသည်။


ဒေသခံများ ပြောဆိုချက်အရ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အခြေစိုက်သည့် စစ်ကောင်စီတပ်စခန်းအားလုံးမှာ ကင်းရှင်းသွားပြီး၊ ကေအိုင်အေ/အိုအစိုးရ၏ စီမံအုပ်ချုပ်မှုတွေ စတင်အကောင်အထည် ဖော်ဆောင်နေပေမယ့် ခက်ခဲနေဆဲဖြစ်ကြောင်း အထက်ပါဘာသာရေးဆရာက ဆက်ပြောသည်။


“အခုဆို ဆွမ်ပရာဘွမ်မြို့နယ် တစ်ခုလုံးက စစ်ကောင်စီတပ်တွေ ရှင်းသွားပြီ၊ သူတို့ရဲ့ ယန္တရားတွေ အကုန်လုံးကလည်း ပျက်စီးသွားပြီပေါ့။ ဆိုတော့ NUG အစိုးရနဲ့ KIA/KIO အစိုးရရဲ့ စီမံအုပ်ချုပ်မှုတွေ စတင်အကောင်အထည် ဖော်ဆောင်နေပြီပေါ့လေ။”


ယခုအချိန်တွင် ဒေသအတွင်း ပြန်လည်ထူထောင်ရေး၊ ပြုပြင်ပြောင်းလဲရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသအတွင်း ငြိမ်းချမ်းလုံခြုံရေးများ ကြိုးစားဆောင်ရွက်နေပေမယ့် ပြန်လည်ထူထောင်ရေးအတွက် နည်းပညာနှင့် ဘဏ္ဍာရေး စသည့် ကဏ္ဍအသီးသီးတွင် ခက်ခဲမှုရှိနေသည်။


ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့၏ ယခုနှစ်မတ်လ၇ရက်နေ့တွင် စတင်ခဲ့သည့် ထိုးစစ်ဆင်တိုက်ပွဲများအတွင်း၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သုံးလကျော်ကြာတိုက်ခိုက်ပြီး မေလ၅ရက်နေ့တွင် KIA ပူးပေါင်းတပ်ဖွဲ့က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။


အဆိုပါ သိမ်းပိုက်ပြီး ဇွန်လဆန်းပိုင်းမှ သုံးလကျော်ကြာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ဆွမ်ပရာဘွမ်ဒေသခံများမှာ နေရပ်ရင်းသို့ ပြန်လည်နေထိုင်လာကြခြင်း ဖြစ်သည်။


လက်ရှိမှာတော့ ဆွမ်ပရာဘွမ်မြို့နယ်တွင် စစ်တပ်စခန်းကင်းရှင်းပြီး ငြိမ်းချမ်းနေသော်လည်း ပူတာအိုမြို့နယ်နှင့် နီးစပ်သည့် အင်ဆိုင်းယာန်၊ ခင်ဒူဂါကျေးရွာ၊ အင်ဂေါမရွာနှင့် ဖုန်ကျန်းကျေးရွာ စသည့် ကျေးရွာများသည် ဆွမ်ပီယာန် စစ်ကောင်စီတပ်စခန်းရှိ လမ်းကြောပေါ်တွင် တည်ရှိနေသဖြင့် စစ်ရေးလှုပ်ရှားလာချိန် စိုးရိမ်နေကြရဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။


သတင်း - မလိခူး


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page