top of page

နွေရာသီကျောင်းပိတ်ပြီးနောက်ပိုင်း စာသင်ကျောင်းနေရာများတွင် စစ်ကောင်စီတပ်ဖွဲ့မှ တပ်စွဲနေရာယူကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၁ရက်၊မတ်လ၊၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ကျောင်းသားများ နွေရာသီကျောင်းပိတ်ပြီးနောက်ပိုင်း စာသင်ကျောင်းနေရာများတွင် တပ်စွဲနေရာယူကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း မြစ်ကြီးနားမြို့ခံများမှ ပြောကြားလာသည်။


ကျောင်းသားများ နွေရာသီကျောင်းပိတ်ပြီးနောက်ပိုင်း စစ်တပ်မှ စစ်ကားဖြင့် ရောက်ရှိလာကာ စာသင်ကျောင်းနေရာများတွင် နေရာယူတပ်စွဲနေထိုင်လာကြောင်းကို ကြာရာပတီး ဒေသခံတစ်ဦးက ပါဂျောင်မီဒီယာသို့ ယခုကဲ့သို့ ပြောသည်။


“မြစ်ကြီးနား ကြာရာပတီး မူလတန်းကျောင်းမှာ ဟုတ်တယ်။ မတ်လဆန်းကတည်းက နေရာယူပြီး၊ အဲ့ချိန်ကတည်းက လုံခြုံရေးတွေချထားပြီး နေထိုင်နေကြတယ်။ တစ်ချို့ရွာသားတွေပြောတာလည်း ညတွေမှာဆို စုဆောင်းရေးဆွဲတယ်လို့ ပြောတယ်။ လမ်းမကြီးဘေးမှာဆိုတော့ လမ်းသွားလမ်းလာ လုပ်ရမှာတောင် ကြောက်နေတယ်။ လုံခြုံမှုမရှိသလို ခံစားရတယ်။” ဟု ပြောသည်။


လက်ရှိတွင် ဗန်းမော်ဒေသသို့ ထိတွေ့တိုက်ပွဲ ပြင်းထန်နေသလို မြစ်ကြီးနားဒေသခံများလည်း စစ်ရေးကို သတိဖြင့် သွားလာစောင့်ကြည့်နေချိန် ယခုကဲ့သို့ ပြည်သူများနှင့် အနိးစပ်ဆုံးနေရာတွေမှာ စစ်တပ်နေရာယူလာသောကြောင့် စိုးရိမ်နေကြရသည်ဟု ဆိုသည်။


ထို့အပြင် ဗလမင်းထင်တံတားတွင်လည်း လမ်းသွားလမ်းလာ ကားနှင့်ဆိုင်ကယ်များကို ဆက်တိုက်နေ့စဉ် တားဆီးစစ်ဆေးနေသည့်အပြင် မိုင်းနားမူလတန်းကျောင်းလမ်းနှင့် ကျောင်းပတ်ပတ်လည်လည်မှာလည်း စစ်တပ်များ လုံခြုံရေးယူ လှုပ်ရှားနေကြောင်း သိရသည်။


အချို့ဒေသခံများက Grade-12စာမေးပွဲဖြေဆိုချိန်ဖြစ်သောကြောင့် လုံခြုံရေးယူသည်ဟု ပြောဆိုနေကြပြီး၊ အချို့မှာ စာမေးပွဲဖြေဆိုပြီးချိန် ကျောင်းဝင်းအတွင်း နေရာယူတပ်စွဲ နေထိုင်ရန်ဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page