top of page

နှစ်ဖက်စစ်တပ်၏ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရသော ဒေသခံများ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ သွားရောက်ယူဆောင်ခွင့်ရ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၁ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်ကြောတွင် ပြီးခဲ့သည့် မတ်လ ၇ရက်နေ့မှစ၍ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်လာကြသည့် ဒေသခံများသည် ယနေ့ မတ်လ ၂၁ရက်နေ့တွင် လိုအပ်သည့် အသုံးအဆောင်ပစ္စည်း အနည်းငယ်ကို သွားရောက်ယူဆောင်နိုင်ခဲ့သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။


ရပ်မိရပ်ဖတစ်ဦးက “စစ်ဘေးရှောင်‌ဒေသခံတွေ အခုလို လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်နိုင်ဖို့ ဘာသာရေး အသင်းတော်မှ တာဝန်ရှိတွေနှင့် ရပ်ရွာလူကြီးတွေက ဦးဆောင်ပြီး လုပ်ဆောင်ပေးခဲ့တာ။ ဒီနေ့ တစ်ရက်ပဲ ခွင့်ရတာဖြစ်တယ်” ဟု ပါဂျောင်မီဒီယာသို့ ဖြေကြားခဲ့သည်။


မိမိနေရပ်ရင်းပြန်ကာ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ယူဆောင်နိုင်ရန်မှာ ဘာသာရေး အသင်းတော် အသီးသီးမှ တာဝန်ရှိသူများနှင့် ရပ်ရွာလူကြီးများက တာဝန်ယူလုပ်ဆောင်ပေးခဲ့ကြခြင်း ဖြစ်သည့်အပြင် ယနေ့ တစ်ရက်တာ ခွင့်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။


ယနေ့တစ်ရက်အတွင်း မိမိနေအိမ် နေရပ်ရင်းပြန်ကာ လိုအပ်သည့် ပစ္စည်းအသုံးအဆောင်များကို သွားရောက်ယူဆောင်နိုင်ခဲ့သူများမှာ မိုင်းနားစစ်ရှောင်စခန်း၊ နောင်ချိန်းစစ်ရှောင်စခန်း စသည့် စစ်ရှောင်စခန်းအသီးသီးမှ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ရွှေညောင်ပင်၊ ကဇူး၊ ဂါးရာယာန်နှင့် ဒဘတ်ကျေးရွာများမှ ဒေသခံများဖြစ်ကြသည်။


မတ်လ ၇ရက်နေ့မှ စတင်ဖြစ်ပွားလာခဲ့သော နှစ်ဖက်စစ်တပ်၏ တိုက်ပွဲများကြောင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမှ ဒေသခံများ အများအပြားသည် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)နှင့် ဘာသာရေးအသင်းတော်များ၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် စစ်ကောင်စီ၏ ဓားစာခံ ပိတ်ပင်ထားမှုမှ လွတ်မြောက်ကာ စစ်ဘေးရှောင်စခန်း အသီးသီးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။


ယင်းစစ်ဘေးရှောင်များအနက် စစ်ဘေးရှောင်ဦးရေ (၆၀၀)ကျော်ခန့်သည် စန်းကားစစ်ဘေးရှောင်စခန်းတွင် ရောက်ရှိလာခဲ့ပြီး၊ စစ်ရှောင်(၇၀၀)ကျော်ခန့်မှာ နောင်ဟီးစစ်ရှောင်စခန်းသို့ ရောက်ရှိလာခဲ့သည်။ ထို့အပြင် စစ်ရှောင် တစ်ထောင်နီးပါးခန့်သည် မိုင်းနားစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာကာ၊ စစ်ရှောင်(၅၀၀)ကျော်မှာ နောင်ချိန်းစစ်ရှောင်စခန်းသို့ ရောက်ရှိလာခဲ့ကြောင်း ထပ်မံသိရသည်။


Photo Credit



Comments


Pajau Media

Thanks for subscribing!

bottom of page