ပါဂျောင်မီီဒီယာ
၃ရက်၊အောက်တိုဘာ၊၂၀၂၄။
စက်တင်ဘာလ နောက်ဆုံးအပတ်မှစပြီး အောက်တို ဘာလဆန်းအထိ ပူတာအိုမြို့နယ်၊ နောင်မွန်းဒေသတွင် တုတ်ကွေးဖျားနာသူ များပြားလာပြီး ဆေးရုံဆေးခန်းများတွင် ဆေးဝါးမစုံသည့်အပြင် ဆေးဝါးများရှားပါးလာသည့် အခက်အခဲများ ရှိနေသည်ဟု နောင်မွန်းဒေသခံများက ပြောသည်။
“ဒီအတောအတွင်းက တုတ်ကွေးဖျားတဲ့သူတွေ အရမ်းများလာတယ်။ အိမ်တစ်အိမ်မှာ တစ်ယောက်က ဖြစ်ကိုဖြစ်တယ်။ ပြီးရင် ပြန်ကူးစက်တတ်လို့ တစ်မိသားစုလုံး ကူးစက်ပြီး အကုန်ဖျားကြတော့တာပဲ။ အခုတလော ကျမတို့တစ်အိမ်လုံးလည်း ဖျားကြတယ်။ အမေဆို တုတ်ကွေးမှာ သွေးတိုးပါ ထပ်တိုးဖျားလို့ ဆေးရုံတက်လိုက်ရတယ်။ ဆေးရုံမှာလည်း စားဆေးကလွှဲလို့ ထိုးရမဲ့ဆေးတွေ မရှိဘူး။” ဟု နောင်မွန်းဒေသခံတစ်ဦးက ပြောသည်။
ဆေးရုံ၊ဆေးခန်းများတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်လာသောကြောင့် ဒေသခံဖျားနာသူများမှာ ကိုယ်ထူကိုယ်ထ တတ်နိုင်သည့်နည်းလမ်းဖြင့်သာ ကုသကြရပြီး၊ ဆေးနှင့် ဆေးဝါးပစ္စည်း ပြတ်လပ်နေသည်မှာလည်း ရက်ရှည်ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ နေ့စဉ်စားသုံးသည့် ဆေးဝါးများပါပြတ်လပ်လာကြောင်း သိရသည်။
လက်ရှိ နောင်မွန်းဒေသတွင် ဆေးဝါးများပြတ်လပ်နေသော်လည်း ကုန်ဈေးနှုန်းမှာမှု ပူတာအိုဒေသထက် အနည်းငယ်ကျဆင်းနေကြောင်း ဒေသခံများက ပြောသည်။ ပူတာအိုဒေသသည် မြစ်ကြီးနားမှ ကုန်ပစ္စည်းတင် ကားအသေးများ နေ့စဉ်ပုံမှန်ရောက်ရှိနေပေမယ့် ဒေသအတွင်း ကုန်ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ မြင့်သထက်မြင့်တက်နေခဲ့သည်။
ပူတာအိုဒေသတွင် လက်ရှိ စက်သုံးဆီတစ်လီတာလျှင် တစ်သောင်းသုံးထောင်ကျပ်အထိ မြင့်တက်နေပေမယ့် နောင်မွန်းဒေသမှာတော့ စက်သုံးဆီတစ်လီတာလျှင် ရှစ်ထောင်ကျပ်ဖြင့် ဝယ်ယူအသုံးပြုနိုင်သည်။
နောင်မွန်းဒေသသည် ပူတာအိုမြို့မှ မိုင်၆၀နီးပါး ဝေးသည့်ဒေသဖြစ်သည့်အပြင် လူဦးရေ ၅၀၀၀ နီးပါး မှီတင်းနေထိုင်သည့် ဒေသတစ်ခုဖြစ်ပြီး၊ ကုန်ပစ္စည်းများ ပုံမှန်လည်ပတ်နေပေမယ့် ဆေးဝါးပစ္စည်းများ ရှားပါးကာ ပြတ်လပ်လာခြင်းကြောင့် ရေရှည်အတွက် ဒေသခံများ စိုးရိမ်နေကြကြောင်း နောင်မွန်းဒေသခံတစ်ဦးက ပါဂျောင်မီဒီယာသို့ ပြောကြားခဲ့သည်။
Comments