ပါဂျောင်မီဒီယာ။
၃ရက်၊ဒီဇင်ဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_b82929c374774451b5c37159d0a4c08b~mv2.jpg/v1/fill/w_593,h_395,al_c,q_80,enc_auto/c187ce_b82929c374774451b5c37159d0a4c08b~mv2.jpg)
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသခံ မိခင်တွေဆီက ကြားရတဲ့စကားအထူးအဆန်းလေးတခုက "သားနား" တဲ့ခေတ်ကိုရောက်နေတယ်တဲ့လေ ၊အဲ့ဒီစကားရဲ့အဓိပ္ပါယ်က အရမ်းလေးနက်ပါတယ် ၊ သားတွေရဲ့ လုံခြုံရေးက အရမ်းစိုးရိမ်ရတဲ့အခြေအနေကြောင့် သားတွေကို အိမ်မှာနားခိုင်းပြီး အမေတွေဘဲ အလုပ်ထွက်လုပ်နေရတဲ့ခေတ် ရောက်နေတယ်ဆိုတဲ့အကြောင်း မိခင်တွေဆီက ပြောစကားသံတွေကို ကြားနေရပါတယ်။
လက်ရှိနိုင်ငံရေးကြောင့် ပြည်ပ ထွက်သည့် လူငယ် အများအပြား ရှိနေပြီး ပြည်တွင်းမှာကျန်ရှိနေသည့် လူငယ်တစ်ချို့မှာလည်း အနာဂတ် ရေရေရာရာမရှိပဲ လမ်းပျောက်နေကြပြီး၊ အပြင်ထွက်အလုပ်လုပ်သော လူငယ်များကို ဖမ်းဆီးစုဆောင်းတာတွေ ရှိသည့်အတွက် လူငယ်မိဘများအမြဲတမ်း ပူပန်ရသည့် အခြေအနေကို မိခင်တစ်ဦးက ယခုလို ပြောပြပါတယ်...
"ကျမတို့ဒေသမှာ ရှမ်းနီပြည်သူ့စစ်တွေက လူငယ်အသက်၁၈နှစ်ကနေစလို့ အသက်၄၀အရွယ်အထိ စုဆောင်းရေးဆွဲနေတာဆိုတော့ သားတွေကို အိမ်မှာဘဲနားခိုင်းထားရတယ်၊ဒါကြောင့်မို "သားနား" တဲ့ခေတ်ရောက်နေပြီလို့ ပြောတာပါ၊ အိမ်ပြင်ကိုခဏလေးထွက်သွားတာနဲ့ စိုးရိမ်နေရတယ်၊ ဟိုနားသည်နားတောင်မခိုင်းရဲဘူး ၊အဖမ်းခံရပြီး သေသလား၊ ရှင်သလားမသိရတဲ့ အခြေအနေတွေကိုလဲ ကြားနေ မြင်နေရတယ်၊ဒါကြောင့် စားဝတ်နေရေးအတွက် အမေတွေကဘဲ လုပ်ကိုင်နေကြရတယ်၊ ပြီးခဲ့တဲ့ ၃လလောက်က လယ်ယာသုံးစက်ပစ္စည်းဝယ်ဖို့သားကို မိုးညှင်းလွှတ်လိုက်တာ ၊ပိုက်ဆံသိန်း၂၀ ထည့်ပေးလိုက်တယ် ၊နန့်မွန်းရှမ်းနီပြည်သူ့စစ်ဂိတ်မှာ ပိုက်ဆံတွေကိုလဲတွေ့ရော တောကိုထောက်ပံ့ဖို့မလားဆိုပြီး မေးတယ် ၊ပိုက်ဆံတွေကိုအကုန်သိမ်းပြီး ကျမသားကိုလဲ ဖမ်းထားလိုက်တယ်၊ သားပြန်လွှတ်လာဖို့ ရွာက ဘုန်းကြီးကို အကူအညီတောင်းပြီး သွားခေါ်ခဲ့ရတယ်"လို့ လယ်ယာကိုကိုယ်တိုင်ဦးစီးလုပ်ကိုင်နေတဲ့မိခင်တစ်ယောက်ကပြောပါတယ်။
![](https://static.wixstatic.com/media/c187ce_c1e27cec076b4a438c1bb3ebb674e4e9~mv2.jpg/v1/fill/w_816,h_572,al_c,q_85,enc_auto/c187ce_c1e27cec076b4a438c1bb3ebb674e4e9~mv2.jpg)
လက်ရှိအခြေအနေမှာ ဖမ်းဆီးခံရပြီး သတင်းမကြားရတော့ဘဲ သေဆုံးကြောင်းကို တစ်လ၊နှစ်လ ကြာမှ သိရတဲ့ အဖြစ်မျိုးကြုံနေရတာဖြစ်ပြီး၊မိဘတွေက သားသမီး စိတ်ကြောင့် စိတ်ဖောက်ပြန်သွားသည့် အခြေအနေအထိရှိကြောင်းနှင့်လက်ရှိမှာ လူငယ်တွေ သွားလာရေး လုံခြုံမှု မရှိတော့ဘူးလို့ ကိုယ်တိုင်ကုန်စိမ်းကူးနေတဲ့ တခြားမိခင်တယောက်ကလည်းယခုလိုပဲဆက်ပြောသည်။
"ကျမအိမ်နားက အသက်၂၀အရွယ် ကလေးတယောက်အဖမ်းခံတာ တလကြာတဲ့အထိ စာမလာသတင်းမကြားနဲ့ သေသလား ရှင်သလားလဲမသိရဘူး ၊ နှစ်လလောက်ကြာတော့ သေပြီဆိုတဲ့သတင်းထွက်လာတယ်အလောင်းမတွေ့ရဘဲ သက်ပျောက် ဆွမ်းကပ်လိုက်ရတယ်၊ သားစိတ်နဲ့သူ့အမေက စိတ်ဖောက်ပြန်ပြီး အိပ်ယာထဲလဲသွားတယ် ၊ဒီလိုမျိုးတွေရှိနေတော့ ကျမသားကို အပြင်မှာ အလုပ်ထွက်လုပ်ဖို့ စိတ်မချဘူးလေ ၊အရင်က သားကသုံးဘီးနဲ့ကုန်စိမ်းကူးတာ၊သူတစ်ယောက်ထဲရှာတာက မိသားစုစားဝတ်နေရေးအဆင်ပြေတယ်၊အခုကျတော့ ကျမကိုယ်တိုင် ဆိုင်ကယ်နဲ့ ကုန်စိမ်းကူးရပြီ ၊သုံးဘီးနဲ့ဆိုရင်ကုန်များများသယ်နိုင်တော့ အဆင်ပြေတယ်၊ ဆိုင်ကယ်နဲ့ကုန်ကူးရင် အများကြီးလဲမသယ်နိုင်ဘူး၊ နှစ်ကျော့သွားမယ်ဆိုရင်လဲ ဖြတ်ရတဲ့ဂိတ်ကများတယ်၊ တရက်ကို နှစ်ကျော့သွားရင်လဲ အချိန်ကမမှီတော့ဘူး ၊ကုန်ဈေးနှုန်းတက်ပြီးဝင်ငွေကလျော့သွားတော့ စားဝတ်နေရေးခက်လာတယ်၊"လို့ အဆိုပါ မိခင်ကပြောပါတယ်။
မိုးညှင်းဒေသအတွင်း ရှမ်းနီနှင့် စစ်ကောင်စီ ပူးပေါင်း တပ်ဖွဲ့များ ၏ အတင်းအကြပ်စုဆောင်းရေးတွေ ကြောင့် ဒေသအတွင်း လူငယ်နဲ့ အရွယ်ကောင်းသည့် ယောကျာ်းသားတွေ မနေရဲပဲ အားလုံးနည်းပါး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိမ်းရှောင်သည့် သူတွေများလာကြောင်းလည်းသိရသည်။ အရင်က ကျေးရွာမှာ ပြုလုပ်သည့် ပွဲတိုင်းမှာ လူငယ်တွေ နဲ့ ပျော်ပျော်ပါးပါး စီကားစွာ လုပ်ခဲ့ပေမဲ့ လက်ရှိမှာ သာရေး/နာရေးဆိုလျှင်ပင် အဖိုးအဘွား လူကြီးအများစုသာ ပါဝင်ကြတော့ကြောင်းသိရသည်။
စုဆောင်းရေးတွင် ကျောင်းသားများကိုပါမကျန် စုဆောင်းနေသည့်အတွက် တစ်ချို့လူငယ်များသည် ကျောင်းဆက်မတက်တော့ပဲ တိမ်းရှောင် နေရသည့် အခြေအနေတွေကြောင့် လူငယ်တွေ အတွက် ဆုံးရှုံးမှုတွေ များ စွာရှိနေတယ်လို့ လည်း သိရပါတယ်။
ဒီအခြေအနေတွေ က စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်တွေ အဖမ်းအဆီးများလာတာကြောင့် လူငယ်တွေ ရဲ့ရှေ့ရေးကို စိုးရိမ်ပူပန်ရတဲ့ မိဘများပြောပြချက်အရသိရသည်။ ရှမ်းနီပြည်သူ့စစ် ကြီးစိုးတဲ့ အင်းတော်ကြီးဒေသမှာ စုဆောင်းရေးဆွဲခံရပါက ငွေကြေးနဲ့ရွေးထုတ်လို့မရတဲ့အပြင် ရွေးထုတ်ဖို့သွားတဲ့ ဖခင်အသက်၅၅အရွယ်တွေပါ ဖမ်းဆီးစုဆောင်းတာတွေလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
သတင်း-ကချင်ပြည်သား
Comments