ပါဂျောင်မီဒီယာ
၁ရက်၊မေလ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_034b1b1e1e07427db2652f19cf824c9f~mv2.jpg/v1/fill/w_719,h_697,al_c,q_85,enc_auto/c187ce_034b1b1e1e07427db2652f19cf824c9f~mv2.jpg)
နိုင်ငံကူးလက်မှတ် passport စာအုပ်ကို ယနေ့ မေလ၁ရက်နေ့မှစ၍ ကျန်ရှိနေသည့်တိုင်းနှင့်ပြည်နယ်အချို့တွင် အွန်လိုင်းမှတစ်ဆင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ပေးရေးအဖွဲ့ မှ ပြီးခဲ့သည့် ဧပြီလ ၂၆ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပတ်စ်ပို့လျှောက်သည့်အချိန်တွင် ကချင်ပြည်နယ်မှ မြစ်ကြီးနားအပါအဝင် ကျန်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို မေလ ၂ရက်နေ့မှစတင်ကာ Online Appointment System ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများမှာ ယနေ့ မေလ၁ရက်နေ့ နံနက်၉နာရီအချိန်ခန့်မှစ၍ ရက်ချိန်းယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
Online Booking ရယူချိန်တွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူလျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကိုတော့ သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမှ အေးဂျင့်တစ်ဦး၏ ဖော်ပြချက်အရ မြစ်ကြီးနားရှိ နိုင်ငံကူးလက်မှတ် passport စာအုပ်ပြုလုပ်လိုသူ ပြည်သူများမှာ မေလ၂ရက်နေ့မှစပြီး အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်မှာ အသစ်လျှောက်ထားလိုလျှင် (၃၅၀၀၀)ကျပ်၊ သက်တမ်းတိုးလိုလျှင် (၃၅၀၀၀)ကျပ်နှင့် ပျောက်ဆုံးပြီး အသစ်ပြန်လျှောက်လိုသူများမှာ (၉၁၀၀၀)ကျပ်အထိ ပေးဆောင်ရမည်ဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီသည် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ယူပြီး ရက်ချိန်းရယူရသည့်စနစ်ကို ၂၀၂၂ခုနှစ် မတ်လ ၂၁ရက်နေ့မှစ၍ စတင်အသုံးပြုခဲ့ရာ၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ယာယီပိတ်ပင်ကာ လုပ်ငန်းစဉ်များအားလုံး ရပ်နားခဲ့သည်။
ထို့နောက် ယမန်နှစ် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းအပါအဝင် မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ပုသိမ်တို့တွင် အွန်လိုင်းဖြင့် passport စာအုပ်လျှောက်ထားမှုကို တစ်ဖန်ပြန်လည် စတင်အသုံးပြုခဲ့ပြီး၊ ယခုနှစ် ၂၀၂၄ခုနှစ်တွင် မေလ၂ရက်နေ့တွင်လည်း ယခင်တိုင်းဒေသကြီးများအပါအဝင် ကျန်ပြည်နယ်နှင့် တိုင်းဒေသ အများအပြား စတင်ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း သိရသည်။
Comentários