top of page

နောင်ချိန်းအုပ်စု လဘန်ကထောင်ကျေးရွာတွင် နေထိုင်သူ စစ်ရှောင်၆၀၀ကျော်အတွက် သောက်သုံးရေ ခက်ခဲနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၅ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းအုပ်စု လဘန်ကထောင်ကျေးရွာတွင် စစ်ရှောင်လာသူ အိမ်ခြေ (၁၃၀)ဝန်းကျင်အတွက် သောက်သုံးရေနှင့် ရေမလုံလောက်သည့် အခက်အခဲ ပြသနာများ ကြုံတွေ့နေရသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။


လဘန်ကထောင်ကျေးရွာ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ၊ နေရာထိုင်ခင်းများ အခက်အခဲဖြစ်သည့်အပြင် နွေရာသီရောက်လာသည့်အလျောက် သောက်သုံးရေ ခက်ခဲနေခြင်း ဖြစ်သည်။


“သုံးရေအတွက်က အခုလုံးဝ မရှိတဲ့ အခြေအနေပဲ။ ဘုရားကျောင်းကနေ မီးလာတဲ့အချိန် ခဏပဲ ရေပေးနိုင်တယ်။ အဲ့ချိန်မှ စစ်ရှောင်တွေက အလုအယက် ခပ်ကြရတာ။ ဒါပေမယ့် မီးကလဲ ခဏပဲ လာတယ်ဆိုတော့ ရေမရလိုက်တာ ပိုများတယ်။ အဲ့တော့ မြစ်ရေပဲ သုံးကြရတာ များတယ်။ မြစ်ရေကိုပဲ သုံးရေကော၊ သောက်သုံးရေကော သုံးကြတယ်။ ထမင်းချက်ရင်လည်း မြစ်ရေနဲ့ပဲ ချက်စားကြတယ်။” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။



ထို့အပြင် မြစ်ရေကြီး ရေလျှံမှုကြောင့် ရေနှောက်နေသည့် မြစ်ရေကိုသာ အသုံးပြုနေကြရသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပါဂျောင်မီဒီယာသို့ ယခုလို ပြောသည်။


“မြစ်ရေကလဲ ဒီရက်ပိုင်းအတွင်း အရမ်းကြီးလာတယ်။ ရေကြီးလာတော့ ရေလဲ အရမ်းညစ်ပတ်တယ်လေ။ တစ်ခြားရေ မရှိတော့ ညစ်ပတ်လဲ မြစ်ရေဘဲသုံးကြတယ်။ ချိုးတဲ့သူက ချိုး၊ ရေမချိုးတဲ့သူက မချိုးဘူးပေါ့။ ခြေလက်တောင် မဆေးဘဲ နေတဲ့သူတွေက နေတာပဲ။ ရေမရှိလို့ ခက်ခဲတဲ့ ပြသာနာတွေ ဖြစ်ပါတယ်။”


စစ်ရှောင်များသည် မြစ်ရေကိုသာ အသုံးပြုကြရသောကြောင့် ကလေး၊ လူကြီးနှင့် အမျိုးသမီးများအတွက် ကျန်းမာရေး ဆိုးဝါးမှုတွေ ဖြစ်လာတယ်ဟု ထပ်မံပြောသည်။


“လူနေတယ်ဆိုတော့ နံပါတ်တစ်က ရေလိုတယ်လေ။ ရေက ခုထိ အဆင်မပြေသေးဘူး။ ဒါပေမယ့် သောက်သုံးရေအတွက်တော့ မနေ့ကပဲ လူကြီးတစ်ယောက်ဆီက ရေသန့်ဗူး၁၀၀ လာရောက်ကူညီသွားလို့ အခုလောလောဆယ်တော့ အဆင်ပြေနေတယ်။ သုံးရေအတွက် ရေချိုးဖို့၊ အဝတ်လျှော်ဖို့၊ အိမ်သာရေအတွက်တော့ လုံးဝမရှိဘူး။ မြစ်ရေသွားချိုးတော့ အရေပြားယားယံတာတွေ၊ ယားနာဖြစ်လာတာတွေ၊ ပွေးဖြစ်လာတာတွေ အရန်းများလာတယ်။” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။


စစ်ရှောင်များသည် နေရာထိုင်ခင်းအတွက် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိသော လဘန်ကထောင်ကျေးရွာတွင် မိုးကာတဲအိမ်များနှင့် နေထိုင်ကာ လာရောက်ကူညီသည့် ငွေကြေး၊ ပစ္စည်း အထောက်အပံ့များနှင့် မိသားစုအလိုက် နေထိုင်ကြရပြီး၊ အများသုံး အိမ်သာရေ၊ ရေချိုးရေ၊ အဝတ်လျှောက်ရေနှင့် ထမင်းချက်စားရန်ရေမှာ မသန့်ရှင်းသည့် မြစ်ရေကိုသာ အသုံးပြုနေကြရခြင်း ဖြစ်သည်။


လဘန်ကထောင်ကျေးရွာတွင် စစ်ရှောင်လာသူ စစ်ရှောင်များမှာ အိမ်ခြေ (၁၃၀)ဝန်းကျင်နှင့် လူဦးရေ (၆၀၀) နီးပါး နေထိုင်သော စစ်ရှောင်တစ်ခုဖြစ်ကာ၊ ပြီးခဲ့သည့် မတ်လ ၇ရက်နေ့မှစ၍ (KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်ကြောင်း သိရသည်။


3 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page