top of page

နောင်းချိန်းစစ်ရှောင်စခန်းတွင် မိုးကာမလုံလောက်မှုကြောင့် အဆောင်တန်းလျားဆောက်လုပ်ရာတွင်ခက်ခဲနေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂ရက်၊အောက်တိုဘာ၊၂၀၂၄။





နောင်းချိန်းကျေးရွာတွင် တိမ်းရှောင်နေသည့် ဂါးရာယန်စစ်ရှောင်စခန်းတွင် နေရာထိုင်ခင်း မလုံလောက်မှုကြောင့် အဆောင်တန်းလျား ဆောက်လုပ်နေသည်မှာတစ်လခန့်ကြာမြင့်လာပြီဖြစ်သော်လည်း အမိုးအကာမလုံလောက်မှုကြောင့် ပြီးစီးအောင်ဆောက်လုပ်ရန်အခက်အခဲဖြစ်နေသည်ဟု စစ်ရှောင်ပြည်သူတစ်ဦးကဆိုသည်။


"လက်ရှိနောင်းချိန်းရွာမှာ စစ်ရှောင်နေတဲ့ ဂါးရာယန်ဒေသခံတချို့က စခန်းမှာ နေရာမရကြဘူး၊အပြင်ဆွေမျိုးအိမ်မှာ နေတဲ့သူတွေရှိသလို တစ်ချို့က ငှားနေကြတယ်၊ကြာလာတော့ အပြင်မှာနေရတာ အဆင်မပြေမှုများလာတော့ အားလုံးကို စခန်းအတွင်း တစ်စုတစ်စည်းထဲဖြစ်အောင် နေစရာ အဆောင်တန်းလျားကို ဩဂုတ်လ ကထဲကဆောက်နေပမဲ့ မိုးကာမရှိတော့ ပြီးအောင်မဆောက်နိုင်ဘူး ၊ ဝါးတွေ တောင် ဆွေးလာပြီ" ဟုဆိုသည်။


စစ်ရှောင်ကာလကြာမြင့်လာပြီဖြစ်သည့်အလျောက် အကူအညီတွေနည်းပါးလာတာကြောင့် စစ်ရှောင်တစ်ချို့က မိသားစုဝမ်းရေးအတွက် ဧရာဝတီမြစ်မှာ တစ်ပိုင်တစ်နိုင် ရွှေတူးတာတွေများလာပြီး အပြင်မှာအလုပ်ထွက်လုပ်နိုင်သည့် ယောင်္ကျားသား မရှိသည့် အိမ်ထောင်စုများမှာ ပိုမိုခက်ခဲကြောင်းသိရသည်။


ဝိုင်းမော်-လိုင်ဇာ လမ်းတစ်လျှောက် KIA ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်လာသည့် မတ်လ ကတည်းက ဝိုင်းမော် အနီးတစ်ဝိုက်မှာလည်း စစ်ရေးတင်းမာ လာကြောင့် မိုင်းနား စစ်ရှောင်စခန်းက ပြည်သူတစ်ချို့ နောင်းချိန်းဘက် ထပ်မံပြောင်းရွေ့နေခဲ့ကြရသည်။


ထပ်မံတိမ်းရှောင်လာသော အိမ်ထောင်စု ၃၀ ခန့်ရှိ ပြီး လက်ရှိအချိန်ထိ အပြင်တွင်နေထိုင်သည့်သူများကို စစ်ရှောင်စခန်းမှာ စုပေါင်းနေထိုင်နိုင်ရန် အခန်း ၁၀ခန်းစီပါသည့် အဆောင်တန်းလျား ၃ဆောင်ဆောက်နေပေမဲ့ မိုးကာ မလုံလောက်မှု ကြောင့် ရပ်ဆိုင်းထားတာ တစ်လ ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း စစ်ရှောင်ပြည်သူတွေဆီကသိရသည်။ နောင်းချိန်း ဂါးရာယန်စစ်ရှောင်စခန်းသည် အိမ်ထောင်စု ၁၀၀ ခန့်နေထိုင်သည့်စခန်းဖြစ်ကြောင်းလည်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page