top of page

နောင်ချိန်းကျေးရွာတစ်ဝိုက်တွင် စစ်ရေးတင်းမာလာသောကြောင့် စစ်ရှောင်ပြည်သူတစ်ချို့ လွှတ်မြောက်နယ်မြေများသို့ပြောင်းရွှေ့

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၉ရက်၊ဇန္နဝါရီ၊၂၀၂၅။



စစ်ဘေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်နေသည့် နောင်းချိန်းကျေးရွာတွင် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် အချို့စစ်ရှောင်များမှာ လွှတ်မြောက်သည့်နေရာသို့ ရွှေ့ပြောင်းလာသူ များပြားလာသည်ဟု စစ်ရှောင်များ ပြောပြချက်အရ သိရသည်။


ယခင်က နောင်းချိန်းကျေးရွာဝန်းကျင်သို့ ထွက်ပြေးတိမ်းရှောင်သူများမှာ လွှတ်လွှတ်လပ်လပ် သွားလာလို့ရပေမယ့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလဆန်း ၁ရက်နေ့မှစပြီး စစ်တပ်မှ စစ်ရှောင်စခန်းအနီးတစ်ဝိုက်တွင် လှုပ်ရှားမှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာသောကြောင့် လွှတ်မြောက်နယ်မြေဖြစ်သည့် KIOထိန်းချုပ်နယ်မြေဘက်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြပြီး စတင်ပြောင်းရွှေ့နေသူများလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။


“အခုက မြစ်ကြီးနား-လိုင်ဇာလမ်း တစ်လျှောက်က ငြိမ်းချမ်းသလိုရှိနေပြီ။ စစ်ရှောင်စခန်းမှာလည်း နေရထိုင်ရခက်လာပြီ။ ဒီဘက်ကပဲ ပိုစိုးရိမ်စရာဖြစ်လာတယ်။ ဂါးရာယာန်ကျေးရွာက ဒီဇင်ဘာလကတည်းက အိမ်ခြေ(၁၄)အိမ်လောက်က ပြောင်းပြီးကြပြီ။” ဟု နောင်ချိန်းစစ်ရှောင်တစ်ဦးက ပြောသည်။



နောင်းချိန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာသည်မှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ဂွေထုပြည်သူ့စစ်ခေါင်းဆောင် လဆန်အောင်ဝါ သေဆုံးခဲ့သည့်နောက်ပိုင်းကဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီတပ်က နောင်းချိန်း၊ လဘန်ကထောင်ကျေးရွာအထိ နေရာယူလှုပ်ရှားနေပြီး လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမေးမြန်းခြင်းများလည်းလုပ်ဆောင်နေသည်။


၂၀၂၄ခုနှစ် မေလ မှစတင်ခဲ့သော တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာပေါင်း(၂၀)မှ ပြည်သူများက နောင်းချိန်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိနောင်ချိန်းကျေးရွာအတွင်း စစ်ရှောင်စခန်းပေါင်း (၉)စခန်းအထိ ရှိကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page